လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည် ဖော်နေသည့် ကုမ္ပဏီများနှင့် ဒေသခံများအကြား ဖြစ်ပွားနေသည့် ပြဿနာအား ဒေါ်အောင်ဆန်းစုကြည်မှ ကြားဝင် ဖြေရှင်းပေးမည့်အပေါ် ကြိုဆိုလိုက်ပြီး အကောင်းမြင်မျှော်လင့်ထားကြောင်း ဒေသခံ သပိတ်ခေါင်းဆောင် တဦးက ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် စီမံကိန်းဒေသခံ ရွာသားများ သောကြာနေ့ နံနက်ပိုင်းက မုံရွာမြို့၊ ဝင်းယူနီတီ ဟိုတယ်၌ တွေ့ဆုံခဲ့စဉ် ဆားလင်းကြီးမြို့နယ်၊ ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်း က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“အမေစုက ဒီဒေသခံတွေကလည်း ပါရမယ်။ အာဏာပိုင်တွေ ဘက်ကလည်း ပါရမယ်၊ လွှတ်တော်ထဲကလည်း ပါရမယ်၊ ပညာရှင်တွေလည်း ပါရမယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင် တရပ်ကို ဖွဲ့ရမှာပါရှင့်။ အမေစု ကြားဝင်စေ့စပ်ပေးမယ်ဆိုတော့ ကျမတို့က အကောင်းဆုံး ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်” ဟု မဇ္စျိမကို ပြောသည်။
ဒေသခံ ၂ဝ ကျော်က ၎င်းတို့၏ နစ်နာမှုများကို ဒေါ်အောင်ဆန်းစုကြည် အား တင်ပြခဲ့ကြသည်။
“တောင်သူလယ်သမားတွေမှာ လယ်ယာမြေတွေလည်း ဆုံးရှုံးနစ်နာတယ်။ ပညာရေးတွေလည်း ဆုံးရှုံးနစ်နာတယ်၊ ဘုန်းကြီးကျောင်းတွေလည်း ချိတ်ပိတ်ခံရတယ်။ ကုမ္ပဏီဝန်ထမ်းတွေက ဒေသခံတွေ အပေါ် ရိုင်းစိုင်းတဲ့ အပြုအမူ မျိုးတွေ လုပ်တဲ့အကြောင်းတွေလည်း အမေစုကို ပြောပြလိုက်ပါတယ်” ဟု ဆိုသည်။
ကြာသပတေးနေ့နံနက်ဦးပိုင်း အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သံဃာတော်များ မီးလောင်၊ ဒဏ်ရာ အနာတရ ဖြစ်ခဲ့ သည့်အတွက် လက်ပံတောင်းတောင် အရေးကို ဒီထက်မက ပိုမို ကြိုးစားလုပ်ဆောင်သွားမည်ဟု သန္နိဋ္ဌာန် ချထားကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
“ကျမတို့ အခု ဖြိုခွဲခံလိုက်ရတဲ့ သပိတ်ကြီးမှာ မတရား အာဏာသုံးပြီးတော့ ဖြိုခွဲလိုက်တယ်လို့ပဲ သုံးသပ်ပါ တယ်။ အဲဒီတော့ သံဃာတွေရော၊ ဒေသခံတွေရော ထိခိုက် အနာတရ ဖြစ်ပေမယ့် ဒေသခံ အပါအဝင် ကျမတို့ တနိုင်ငံလုံး က သူတို့ ကို ရှုံ့ချတယ်လေ။ ကျမတို့ကတော့ သိက္ခာရှိတယ်။ သူတို့ဘက်က မတရား လက်နက် အင်အားတွေနဲ့ ဖြိုခွင်းလိုက်တဲ့အတွက် သူတို့ သိက္ခာ မရှိတာပဲ” ဟု သပိတ်ခေါင်းဆောင် မသွဲ့သွဲ့ဝင်း က ပြောဆို လိုက်သည်။
မသွဲ့သွဲ့ဝင်း မှာ လက်ပံတောင်းအရေး စက်တင်ဘာ ဆန္ဒပြပွဲတွင်လည်း တက်ကြွစွာ ဦးဆောင်ခဲ့၍ မုံရွာရဲများ က အကြမ်းဖက် ဖမ်းဆီးကာ လေးရက်တာ ချုပ်နှောင်းခံခဲ့ရဖူးသည်။
ဒေါ်အောင်ဆန်းစုကြည် အနေနှင့် တရုတ်နိုင်ငံအား အိမ်နီးချင်းနိုင်ငံအဖြစ် ချစ်ကြည်စွာ ဆက်ဆံလိုပြီး ကြေးနီ စီမံကိန်းပြဿနာအား တိုင်းပြည်သိက္ခာရှိစွာနှင့် ပြည်သူများ သက်တောင့်သက်သာရှိစွာ ဖြေရှင်းလိုကြောင်းနှင့်
ပြည်သူများ ၎င်း၏ ဆန္ဒအတိုင်း ပါဝင်လာပါက အောင်မြင်စွာဖြေရှင်းနိုင်မည်ဟုလည်း ကြာသပတေးနေ့နှင့်
သောကြာနေ့ ချင်းတွင်း သဲသောင် မိန့်ခွန်းများတွင် ထည့်သွင်းပြောဆိုသွားသည်။
မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ ကလည်း ‘ဒေါ်အောင်ဆန်းစုကြည်က ကြားဝင် ဆောင် ရွက်ပေးမည့်အပေါ် ကြိုဆိုကြောင်း’ မဇ္စျိမ ကို မိန့်ကြားထားသည်။
အာဏာပိုင်များက သပိတ်စခန်းများ အကြမ်းဖက် ဖြိုခွင်းလိုက်သည့် ကြာသပတေးနေ့က ရန်ကုန်မြို့ရှိ တရုတ်
ပြည်သူ့သမ္မတနိုင်ငံ သံရုံးက ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သေးသည်။ စီမံကိန်း ချောမွေ့စွာ အကောင် အထည် ဖော်နိုင်ရန် မြန်မာ့ လူ့မှုအဖွဲ့အစည်း အဆင့်ဆင့်အား မေတ္တာရပ်ခံ ပန်ကြားထားခြင်း ဖြစ်သည်။
ကြာသပတေးနေ့နံနက် အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သံဃာအပါး ရဝ နှင့် ဒေသခံ ၅ ဦးတို့ မီးလောင်ဒဏ်ရာ များ ရရှိထားပြီး လက်ရှိ မုံရွာဆေးရုံတွင် သံဃာတော် ၂၆ ပါး အတွင်းလူနာအဖြစ် တက်ရောက်ကုသမှုခံယူ နေရကာနှစ်ပါးမှာ ခွဲစိတ်ကုသမှု ခံယူထားရသည်။