ကချင် ဒုက္ခသည်စခန်းတွင် ဝက်သက်ရောဂါ အဖြစ်များနေ

ကချင် ဒုက္ခသည်စခန်းတွင် ဝက်သက်ရောဂါ အဖြစ်များနေ
by -
မဇ္စျိမ

တရုတ်-မြန်မာနယ်စပ် မှတ်တိုင် ၆ ရှိ ကချင်ဒုက္ခသည်စခန်းတွင် ၁၂ နှစ်အောက် ကလေးငယ်များ ဝက်သက်ရောဂါ ဖြစ်ပွားမှု ပြန့်နှံ့လာသဖြင့် ကာကွယ်ဆေးများ ထိုးပေးနေရသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး တာဝန်ခံက ပြောသည်။

ဒုက္ခသည် ၈ဝဝ ကျော် ရှိသည့် ယင်းစခန်းတွင် နိုဝင်ဘာ လဆန်းပိုင်းက တဦးစ နှစ်ဦးစသာ ဖြစ်ပွားခဲ့သော် လည်း နောက်ပိုင်း ၄ဝ ကျော်ထိ ကူးစက် ပြန့်ပွားခဲ့သ ဖြင့် KIO ကျန်းမာရေးဌာနမှ ပြီးခဲ့သည့် သီတင်းပတ်က သွားရောက်၍ ကာကွယ်ဆေးထိုးပေးခဲ့ရသည်ဟု အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။

“ကလေးတွေမှာ တော်တော်ပြန့်သွားတယ်။ ဒါပေမယ့် အသက်သေဆုံးတာတော့ မရှိဘူး။ ကျနော်တို့ ကာကွယ်ဆေး ထိုးပေးတယ်၊ ဆေးဆရာတွေ ထပ်ဖြည့်ပြီး။ ကာကွယ်ဆေး မထိုးရလို့ ဖြစ်တယ်လို့ ပြောတယ်” ဟု မဇ္စျိမကိုပြောသည်။

တိုက်ပွဲဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ကချင်စစ်ပြေးဒုက္ခသည်များမှာ ကာကွယ်ဆေး မထိုးနိုင်၍ ယခုကဲ့သို့ လွယ်ကူစွာ ကူးစက်ပြန့်ပွားရခြင်း ဖြစ်ကြောင်းနှင့် ရောဂါ ပြင်းထန် လာပါက အသက် အန္တရာယ် ထိခိုက်လာနိုင်သဖြင့် အမြန်ဆုံး ကာကွယ်ဆေးထိုးပေးရန် လိုအပ်သည်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးခြင်းကို ယခုနှစ် မတ်လအတွင်းမှ စတင်၍ ၁ဝ ရက်ကြာ တိုင်းနှင့် ပြည်နယ် အသီးသီးတွင် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNIFEF နှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO တို့က ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ဒုက္ခသည်စခန်းတွင် အဓိကအားဖြင့် အနွေးထည်၊ စောင်နှင့် ကလေးငယ် များ၏ ဖိနပ်နှင့် ခေါင်းစွပ်များ လိုအပ်နေသည်ဟု သိရသည်။

၂ဝ၁၁ ခုနှစ်၊ ဇွန်လမှ စတင်ဖြစ်ပွားခဲ့သော အစိုးရနှင့် KIO တပ်များအကြား တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသော ဒုက္ခသည်ပေါင်း ၉ သောင်းကျော် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။