နိုုင်ငံတကာ ပဋိပက္ခအဖွဲ့ကြီး၏ ၂၀၁၃ ခုနှစ်အတွက် ‘ငြိမ်းချမ်းရေး ကြိုးပမ်းမှုဆု’ In Pursuit of Peace Award Dinner ကို မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဘရာဇီး သမ္မတဟောင်း Luiz Inácio Lula da Silva တို့အား ချီးမြှင့်မည်ဖြစ်ကြောင်း တနင်္လာနေ့က ကြေညာလိုက်သည်။
၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ချီးမြှင့်မည် ဖြစ်သည်။
“ကမ္ဘာကြီးရဲ့ နေရာတော်တော်များများဟာ လမ်းကြောင်းမှားကို ဦးတည်နေပုံရတဲ့ အချိန်မှာ မြန်မာနဲ့ ဘရာဇီးတို့မှာ သူတို့ ပြည်သူတွေအတွက် နိုင်ငံကို ပိုမိုကောင်းမွန် တဲ့ လမ်းကြောင်းပေါ်ရောက်အောင် ဆောင်ရွက်ပေးနေတဲ့ သမ္မတတွေ ရှိနေတဲ့အတွက် ဒါဟာ ထင်ရှားတဲ့ ဥပမာ တွေပါပဲ” ဟု ICG နာယက Thomas R. Pickering က ဆိုသည်။
၎င်းက ဆက်လက်၍ “ဒါကြောင့်မို့ သမ္မတ ဦးသိန်းစိန်ရော၊ သမ္မတ Lula ပါ ဒီဂုဏ်ပြုမှှုနဲ့ ထိုက်တန်ပြီးတော့ သူတို့ကို ဂုဏ်ပြုခြင်းအားဖြင့် မြန်မာနိုင်ငံနဲ့ ဘရာဇီးနိုင်ငံ တို့ကို အရေးကြီးတဲ့ ခြေလှမ်းတွေ ရှေ့ဆက် လှမ်းနိုင်ရေးအတွက် အထောက်အကူပြုရာရောက်သလို အပယ်ခံ နှစ်တွေ နောက်ပိုင်း ဒေသတွင်းနဲ့ နိုင်ငံတကာမှာ သံတမန် ဆက်ဆံရေးတွေ ပိုမို တိုးမြှင့်နိုင်ရေးအတွက် ခေါင်းဆောင်နှစ်ဦး အနေနဲ့ ပိုမိုအရေးပါတဲ့ အခန်းကဏ္ဍတွေကနေ ဆောင်ရွက် လာနိုင်အောင် အားပေး ကူညီရာလည်း ရောက်ပါတယ်” ဟု မှတ်ချက်ပြုသည်။
ICG ဥက္ကဋ္ဌ Louise Arbour ကလည်း “၂၀၁၁ ခုနှစ် မတ်လမှာ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့ အာဏာ စတင်ရယူ ကတည်းက အရင်က မရှိခဲ့ဖူးတဲ့ ထူးခြားတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို စတင် ဆောင်ရွက်လာ ခဲ့တာဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးတွေမှာ ရာနဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ၊ သတင်းစာ လွတ်လပ်ခွင့် ပေးတာတွေ အပြင် အဓိက အတိုက်အခံပါတီနဲ့ ညှိနှိှုင်းဆွေးနွေးမှှု ပိုမို လုပ်ဆောင်လာတာတွေ ပါဝင်ပါတယ်” ဟု ဆိုသည်။
သို့ရာတွင် မြန်မာနိုင်ငံအနေဖြင့် ယခုအချိန်ထိ လုပ်ဆောင်လာခဲ့သည့် နိုင်ငံရေး ဖြေလျှော့မှှုများကို အခြေခံကာ
ပြုပြင်ပြောင်းလဲမှှုများ ဆက်လက်လုပ်ဆောင်ရန် လိုအပ်နေသေးသည်။ မြန်မာနိုင်ငံအနေဖြင့် ရခိုင်နှင့် ရိုဟင်ဂျာ အကြား ပဋိပက္ခများကို ကိုင်တွယ် ဖြေရှင်းနိုင်ရန်အတွက် နည်းလမ်းများ အလျှင်အမြန် ရှာဖွေရန် လိုအပ်နေသည်။
မြန်မာနိုင်ငံတွင် အရေးကြီးသည့် တိုးတက်မှှုလည်း ရှိခဲ့သည်။ နှစ်ပေါင်း ၅၀ နီးပါးအတွင်း ပထမဆုံး အကြိမ်အဖြစ် တိုင်းရင်းသား လက်နက်ကိုင် တဖွဲ့မှလွဲ၍ တိုင်းရင်းသား လက်နက်ကိုင် အင်အားစု အားလုံးသည် အစိုးရနှင့် ပမာဏ အပစ်အခတ်ရပ်စဲရေး စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ပြီး ကျန်ရှိနေသေးသည့် ကချင်လွတ်လပ်ရေးအဖွဲ့နှင့် အစိုးရ ကြားတွင် လည်း မကြာမီ သဘောတူညီချက် တခု ရရှိလိမ့်မည်ဟု မျှော်လင့်ရကြောင်း ICG က ထုတ်ပြန်ကြေညာသွားသည်။
ယခင် ‘ငြိမ်းချမ်းရေး ကြိုးပမ်းမှုဆု’ ရရှိခဲ့သူများထဲတွင် အမေရိကန် သမ္မတဟောင်းများ ဖြစ်ကြသည့် ကလင်တန်နှင့် ဂျော့ ဒဘလျူ ဘွတ်ရှ်၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်များ ဖြစ်ကြသည့် Martti Ahtisaari နှင့် Ellen Johnson Sirleaf အပြင် Open Society Institute (OSI) စတင်ထူထောင်သူ ဂျော့ဆိုးရော့စ် George Soros တို့လည်း ပါဝင်သည်။