စစ်ကိုင်းတိုင်း၊ ရွာသစ်ကြီးရှိ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ်မှ ဆန္ဒပြ ကျောင်းသားများအား အတင်းအကြပ် ပြန်မခေါ်ရန် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်ချုပ် သိန်းဌေး၏ ပေးထားသည့် ကတိမတည်ဟု ဆိုကာ တနင်္လာနေ့က ဆန္ဒပြပွဲများ ပြန်လည်စတင်နေကြောင်း ကျောင်းသားများက ဆိုသည်။
၎င်းတို့၏ မူလ ကျောင်းဟောင်းဖြစ်သည့် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်ကျောင်းတွင် ပြန်လည်ရောက်ရှိနေ သော ဆန္ဒပြ ကျောင်းသားများအား သက်ဆိုင်ရာ မိဘများမှ ပြန်ခေါ်ရန် ဝန်ကြီးက တနင်္ဂနွေနေ့ကအမိန့် ထုတ်ထားသည်ဟု သိရကြောင်း ကျောင်းသား ကိုသိန်းကိုကိုအောင် က ပြောသည်။
“အပြန်အလှန် ကတိပေးထားတဲ့ပေါ်မှာ မူတည်ပြီးတော့ ဟိုဘက်က ကတိ ဖောက်ဖျက်တယ် ထင်လို့ အပြင်ထွက် လာတာပါ။ အထဲမှာ နေနေရင် လူစုခွဲ ခံရတယ်လို့ ခံစားရလို့ပါ။ ဒါကြောင့် အပြင်မှာ ထိုင်စောင့် နေတာပါ” ဟု ရှမ်းလူမျိုး မြို့ပြ အင်ဂျင်နီယာ ကျောင်းသား ကိုသိန်းကိုကိုအောင် က မဇ္စျိမကို ပြောသည်။
ဗိုလ်ချုပ် သိန်းဌေးက ကျောင်းသားမိဘများကို အတင်းအကြပ် ပြန်လည် ခေါ်ယူခိုင်းခြင်း မပြုလုပ်ရန်၊ ဌာနဆိုင်ရာ ဘက်မှ ကျောင်းသားများ၏ ဆန္ဒမပါဘဲ ခေါ်ယူခြင်း မပြုလုပ်ရန်နှင့်ကျောင်းသားများအား အရေးယူ မှု တစုံတရာ မဖြစ်စေရန် နိုဝင်ဘာလ ၂၄ ရက်နေ့က ကတိပေးခဲ့ခြင်းဖြစ်သည်။ သို့သော်တနင်္ဂနွေ နေ့မှ စ၍ ကျောင်းသားမိဘအချို့ လာရောက် ခေါ်ယူမှုများ ရှိနေသည်။
“လူစုခွဲတာတို့၊ ကျောင်းအုပ်ကြီးက မိဘတွေကိုလာ ခေါ်ခိုင်းတာတို့ လုပ်လာတယ်။ မိဘတွေလည်း ရောက်နေ တယ်။ နတလ လူငယ်ကျောင်းက ကျောင်းအုပ်ကြီးတွေ ရောက်လာတယ်။ အဲဒီလိုကျတော့ ကျနော်တို့ကျောင်း သားတွေက ဟိုဘက်မှာ ကတိ ချိုးဖောက်နေတယ်လို့ ခံစားရတယ်။ ဒါကြောင့် ကျနော်တို့လည်း လုပ်သင့် လုပ်ထိုက်တာတွေ ဆက်လုပ်နေတယ်” ဟု ကိုသိန်းကိုကိုအောင် က ပြောသည်။
ကျောင်းသားများမှာ မူလ ပြည်ကြီးတံခွန်ကောလိပ်မှ ရွာသစ်ကြီးကျေးရွာရှိ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုး တက်ရေး တက္ကသိုလ်သို့ စက်တင်ဘာလတွင် ပြောင်းရွှေ့ခြင်းခံရသည်။ ရွာသစ်ကြီးရောက် ကျောင်းသား ၅ဝဝ ကျော်မှာနေထိုင်ရေးနှင့် ပညာရေး အဆင်မပြေမှုများ ရှိသဖြင့် မူလကျောင်းတွင် ပြန်နေရရေးအတွက် ကြာသပတေးနေ့က ရွာသစ်ကြီးမှ ပြည်ကြီးတံခွန်သို့ ခြေလျင်လျှောက်၍ ဆန္ဒပြခဲ့ကြသည်။
ဝနြကြီးက ကျောင်းသားများကို ပြည်ကြီးတံခွန် ကောလိပ်တွင် ယာယီ နေထိုင်ခွင့်ပြုပြီး အထက်အဆင့်ဆင့် အား တင်ပြကာ တလအတွင်း တစုံတရာ အဖြေပေးမည်ဟု ပြောဆိုခဲ့သဖြင့် ကျောင်းသားများတနင်္ဂနွေနေ့ တွင် ဆန္ဒပြမှု ရပ်ဆိုင်းထားခဲ့ရာမှ ယနေ့ ပြန်လည်စတင်ကြခြင်းဖြစ်သည်။
ကျောင်းသားမိဘများ အတင်းအကြပ်လာရောက် ခေါ်ယူခြင်း၊ မိဘများ နေမကောင်းကြောင်း အကြောင်းပြ၍ ပြန်ခေါ် ယူခြင်းများ ရှိနေသဖြင့် ကျောင်းသားအချို့ နေရပ်သို့ ပြန်သွားကာ ယခု ကောလိပ်ကျောင်းထဲတွင် ဆန္ဒပြကျောင်းသား ၄ဝဝ ကျော်သာ ကျန်တော့သည်ဟု သိရသည်။
ကရင်ပြည်နယ် လူငယ်ကျောင်းဆရာ နည်းပြ ဦးမောင်သန်း ကိုယ်တိုင် တနင်္လာနေ့က လာရောက် ခေါ်ယူသော်လည်း မူလမန္တလေးကျောင်းတွင် ပြန်လည် ပညာသင်ယူခွင့် ရမှသာလျှင် မိမိနေရပ်သို့ ပြန်မည်ဟု ဒုတိယနှစ် သိပ္ပံကျောင်းသား ကရင်လူမျိုး စောအောင်ဇော်ဖြိုး က ဆိုသည်။
“ကျနော့်ကို လာခေါ်တယ်။ ကျနော် ပြန်မလိုက်ဘူးငြင်းတော့… ငါ့ကို ကလန်ကဆန် မလုပ်နဲ့ .... လို့ ကရင်ပြည်နယ် ကျောင်းအုပ်ကြီးက ပြောတယ်။ သူ လာခေါ်တာ တာဝန်အရ လာခေါ်တာတဲ့။ နင် မလိုက်ချင် ရင် လိုက်နဲ့၊ နေခဲ့ရင် ကျောင်းထွက် ဆိုပြီးတော့ ပြောတယ်။ ကျနော်က စကားအဆုံး ပြောလိုက်ပြီ။ ကျနော် ဒီကျောင်း ရမှ ပြန်မယ်လို့ ပြောလိုက်တယ်” ဟု မဇ္စျိမကို ပြောသည်။
ပုံမှန်အားဖြင့် သင်္ကြန်အချိန် နောက်ဆုံးစာမေးပွဲဖြေဆိုပြီးမှ ကျောင်းပိတ်လေ့ရှိပြီး ယခု နိုဝင်ဘာလ ၂၃ ရက် နေ့မှစ၍ ကျောင်းပိတ်လိုက်ခြင်းမှာ ထူးခြားနေသဖြင့် ယုံကြည်မှု မရှိတော့ကြောင်း ၎င်းက ဆက်ပြော သည်။
တာချီလိတ်မြို့မှ BE မြို့ပြအင်ဂျင်ယာကျောင်းသား အာခါလူမျိုး ကိုဆာဘေ့ ဆိုသူသည် စနေနေ့ကတည်းက
ပျောက်ဆုံးနေ၍ ကျောင်းသားများ စိုးရိမ်နေကြသည်။