ကျောက်မီးသွေး လျှပ်စစ်စက်ရုံကိစ္စ တန်ပြန်ဆန္ဒပြ

ကျောက်မီးသွေး လျှပ်စစ်စက်ရုံကိစ္စ တန်ပြန်ဆန္ဒပြ
by -
မဇ္ဈိမ

ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ကန့်ကွက်သည့် ဆန္ဒပြပွဲ ဖြစ်ပွားပြီး ၆ ရက်အကြာတွင် ထောက်ခံသည့် တန်ပြန်ဆန္ဒပြပွဲတရပ် စနေနေ့က တနင်္သာရီတိုင်း မြိတ်မြို့နယ်၌ ဖြစ်ပွားခဲ့သည်။

မြိတ်မြို့ အရှေ့ဘက် ၁၇ မိုင်အကွာ လော့လော့ကျေးရွာ အနီးရှိ ၅ဝ မဂ္ဂါဝပ် ထုတ်လွှတ်မည့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ စီမံကိန်းကို ဒေသခံ ၁၅၀ ခန့်က ကန့်ကွက်ဆန္ဒပြပြီး၊ ၂၅၀ ခန့်က ထောက်ခံဆန္ဒပြကြခြင်း ဖြစ်သည်။

ကန့်ကွက်သူများက စက်ရုံသည် စာသင်ကျောင်းများနှင့် နီးခြင်း၊ လူနေရပ်ကွက်အတွင်း ရှိခြင်း၊ စက်ရုံမှ ထွက်မည့် စွန့်ပစ် ပစ္စည်းများသည် မြစ်ချောင်း တလျှောက်ရှိ ကျေးရွာများနှင့် ဒေသခံများ၏ ရေလုပ်ငန်းများကို ထိခိုက်စေနိုင် ခြင်း စသည်တို့ကြောင့် ကန့်ကွက်ရသည်ဟု ဆိုသော်လည်း ထောက်ခံသူများကမူ လျှပ်စစ်ဓါတ်အား စျေးနှုန်း သက်သာခြင်း၊ ဒေသဖွံ့ဖြိုးရေးနှင့် အလုပ်ရုံ စက်ရုံများ ဖွံ့ဖြိုး တိုးတက်ရေး၊ ဆင်းရဲ နွမ်းပါးမှုနှင့် အလုပ်လက်မဲ့ ဦးရေ လျော့နည်း ပပျောက်ရေးအတွက် ထောက်ခံခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ထောက်ခံဆန္ဒပြပွဲအတွက် တအိမ်တယောက် ပါဝင်ရန် လိုက်လံစည်းရုံးပြီး  ခရီးစရိတ် ၅,၀၀၀ ကျပ်နှင့် တီရှပ်တ ထည် ပေးနေကြောင်း “ကျောက်မီးသွေး စက်ရုံကို ထူထောင်ချင်တဲ့ သူဌေးများက ဒီထောက်ခံပွဲ ဖြစ်အောင်စည်းရုံး ပြီး လုပ်တာ” ဟု စက်ရုံကို ကန့်ကွက်သူ ကိုနေလင်းထွန်း က စွပ်စွဲသည်။

သို့သော်လည်း ထောက်ခံသူများကမူ မဟုတ်မမှန်ကြောင်း “ကျနော်တို့မှာ တကယ့် မီးလိုအပ်လို့ ဆန္ဒဖော်ထုတ်တဲ့ ပွဲတပွဲပဲ ဖြစ်ပါတယ် ခင်ဗျာ” ဟု ထောက်ခံဆန္ဒပြပွဲ ဦးဆောင်သူ ကိုမြင့်စိုး က ပြောသည်။

လက်ရှိတွင် မြိတ်မြို့နယ်အတွင်း တယူနစ် ရ၀၀ ကျပ် ကုန်ကျသည့် ပုဂ္ဂလိက လျှပ်စစ်ဓါတ်အားကို သုံးစွဲနေရပြီး ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံမှ တယူနစ် ၂၀၀ ကျပ်သာ ကောက်ခံမည်ဟု ကြေညာထားသည်။

ကန့်ကွက်သူများကမူ မွန်ပြည်နယ်၊ မော်လမြိုင်တွင် အကောင်အထည်ဖော်မည့် သဘာဝဓါတ်ငွေ့သုံးလျှပ်စစ်ဓါတ် အားပေး စက်ရုံကဲ့သို့သော တယူနစ် အိမ်သုံး ၃၅ ကျပ်နှင့် လုပ်ငန်းသုံး ရ၅ ကျပ်သာ ကုန်ကျမည့် အန္တရာယ်နည်း ဈေးပေါသည့် လျှပ်စစ်ဓါတ်အားကို လိုလားကြသည်ဟု ဆိုသည်။

သို့သော်လည်း ကျောက်မီးသွေး စက်ရုံကို လိုလားသူများက သဘာဝဓါတ်ငွေ့သုံး စက်ရုံသည် မြန်မာနိုင်ငံအတွက် မသင့်တော်သေးကြောင်း ပြောသည်။

“နိုင်ငံတကာ အဆင့်မီတဲ့ သဘာဝဓါတ်ငွေ့ လျှပ်စစ်ဓါအားပေး စက်ရုံ ကျနော်တို့မှာ မရှိသေးဘူး။ ဒါ့ကြောင့် သဘာဝဓါတ်ငွေ့ကို ကျနော်တို့ မတောင်းဆိုဘဲနဲ့ ကျောက်မီးသွေး စက်ရုံကို ကျနော်တို့ တောင်းဆိုတာ ဖြစ်တယ်။ ကျောက်မီးသွေးစက်ရုံဟာ ကမ္ဘာမှာ အများကြီး ရှိတယ်လေ” ဟု ကိုမြင့်စိုး က ပြောသည်။

မြိတ် ကျောက်မီးသွေးသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ တည်ဆောက်မှု စီမံကိန်းကို ဖျက်သိမ်းပေးရန်နှင့် ကျောက်မီးသွေးအစား သဘာဝဓါတ်ငွေ့ဖြင့် လည်ပတ်ပေးရန် စက်ရုံပတ်ဝန်းကျင်ရှိ ကျောက်ဖျာ၊ လော့လော့၊ သမုတ်နှင့် ကျွဲကူး ကျေးရွာများမှာ ဒေသခံ ၁,၆၇၇ ဦး၏ စုပေါင်းလက်မှတ်ဖြင့် အောက်တိုဘာလဆန်းတွင် သမ္မတထံ အသနားခံစာ တင်ပြခဲ့ဖူးသည်။

အလားတူ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ရှိ ၈ မဂ္ဂါဝပ် ထုတ်လွှတ်မည့် ကျောက်မီးသွေးသုံး စက်ရုံကို အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကန့်ကွက် ဆန္ဒပြပြီးနောက် ၂၄ ရက်နေ့တွင် ထောက်ခံဆန္ဒပြပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Most read this week