၈၈ တို့၏ မွန်ပြည်နယ် ငြိမ်းချမ်းပွင့်လင်း ခရီးစဉ် စတင်ပြီ

၈၈ တို့၏ မွန်ပြည်နယ် ငြိမ်းချမ်းပွင့်လင်း ခရီးစဉ် စတင်ပြီ
by -
မဇ္ဈိမ

ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးအတွက် ၈၈ မျိုးဆက် ကျောင်းသားများ၏ မွန်ပြည်နယ် ခရီးစဉ်ကို သောကြာနေ့က စတင်လိုက်ကြောင်း ဦးဆောင်စီစဉ်သည့် ပွင့်လင်းကွန်ယက် (မွန်ပြည်နယ်) က ပြောသည်။

၈၈ ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျာ၊ ကိုဌေးကြွယ်နှင့် ကိုဂျင်မီတို့ ဦးဆောင် သည့် ၂၂ ဦးပါ အဖွဲ့ကို ပဲခူးတိုင်းနှင့် မွန်ပြည်နယ် နယ်နိမိတ် ဖြစ်သည့် စစ်တောင်း တံတားထိပ်တွင် ပွင့်လင်း ကွန်ယက် (မွန်ပြည်နယ်) နှင့် လူထုများက နံနက် ၉ နာရီခွဲခန့်တွင် ကြိုဆိုခဲ့ကြပြီးနောက် ခရီးစဉ်ကို စတင်ခြင်းဖြစ်သည်။

ပထမနေ့ ခရီးစဉ်အဖြစ် သံလွင်မြစ် မြောက်ဘက်ရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံနှင့် ပေါင်မြို့နယ်များအတွင်း နေရာ ၈ နေရာခန့်တွင် လူထုနှင့် တွေ့ဆုံဟောပြောပွဲများ ပြုလုပ်ခဲ့သည်။

“ဇုတ်သုတ် (ဘီးလင်းမြို့နယ်) မှာ အချိန်နည်းနည်း ကြာသွားတာက လွဲလို့ ကျန်တာတော့ အားလုံး အဆင်ချော ပါတယ်” ဟု ပွင့်လင်းကွန်ရက် (မွန်ပြည်နယ်) မှ ပြန်ကြားရေးအဖွဲ့ဝင် ကိုမင်းမင်းလတ် က ပြောသည်။

သောကြာနေ့ညတွင် မော်လမြိုင်မြို့ ကမ်းနားလမ်းဟိုတယ် (Strand Hotel) တွင် တည်းခိုမည် ဖြစ်ပြီး မော်လမြိုင်မြို့ ရှိ နိုင်ငံရေးပါတီများ၊ စီးပွားရေး အသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံရန်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

စနေနေ့မှ စ၍ သံလွင်မြစ် တောင်ပိုင်း မြို့နယ်များ ဖြစ်သည့် ကျိုက်မရော၊ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်နှင့်
ရေးမြို့နယ်များသို့ ထွက်ခွာကာ လူထုတွေ့ဆုံပွဲများ ပြုလုပ်ကြမည် ဖြစ်ပြီး ကိုမင်းကိုနိုင်နှင့် ကိုမင်းဇေယျာတို့က မုဒုံမြို့နယ်ရှိ ၎င်းတို့၏ ဆွေမျိုးနှင့် မိဘနေအိမ်များ၌ တည်းခိုကြမည်ဟုလည်း ခရီးစဉ်တွင် ဖော်ပြထားသည်။

မြို့နယ်ပေါင်း ၁ဝ မြို့နယ် ရှိသည့် မွန်ပြည်နယ်အတွက် ပွင့်လင်းခရီးစဉ် ရေးဆွဲရာတွင် အခက်အခဲများ ရှိခြင်းကြောင့်
ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ကို ချန်လှပ်ခဲ့ရသည်ဟု ပွင့်လင်းကွန်ရက် (မွန်ပြည်နယ်) ၏ ပြန်ကြားရေးနှင့် ဆက်သွယ်ရေး တာဝန်ခံ ကိုကြည်ဇော်လွင် က ပြောသည်။

တပတ်ခန့် ကြာမြင့်မည့် ၎င်းတို့၏ မွန်ပြည်နယ် ခရီးစဉ်ကို နိုဝင်ဘာလ ၁၄ ရက်နေ့မှာ အဆုံးသတ်မည် ဖြစ်သည်။

ထိုမှဆက်၍ နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၇ ရက်နေ့ထိ မြန်မာနိုင်ငံ တောင်ဘက်အစွန်ရှိ တနင်္သာရီတိုင်း မြိတ်နှင့်
ကော့သောင်းမြို့နယ်များသို့ ဆက်လက်ထွက်ခွာကြမည် ဖြစ်ကြောင်း သိရသည်။

မြိတ်ခရိုင် ၈၈ ကျောင်းသားအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုတင်ကိုကိုဦး က “ဒီနေ့ထိ ကျနော်တို့ အတည်ပြုထားတာ က ၁၇ ဦး ကျနော်တို့ မြိတ်ကို လာမယ်။ အပြောင်းအလဲ မရှိသေးဘူး” ဟု ပြောသည်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များသည် ထောင်အသီးသီးမှ လွတ်မြောက်လာပြီးနောက် ၂ဝ၁၂ ခုနှစ်၊ ဇန္နဝါရီလတွင် ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ အရပ်ဘက် လူ့အဖွဲ့အစည်း အားကောင်းရေး စသည်တို့ကို မတ်လကုန်ပိုင်းက စတင် လှုပ်ရှားခဲ့သည်။

ကချင်၊ ကရင်၊ မွန် စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တွေ့ဆုံကာ
ပြည်တွင်း ငြိမ်းချမ်းရေး၊ အဓမ္မ လယ်ယာမြေ အသိမ်းခံရသည့် ကိစ္စများ ပူးပေါင်းဖြေရှင်း လုပ်ဆောင်သွားရန် သဘောတူခဲ့ကြသည်။

၈၈ မျိုးဆက် ကျောင်းသားများ အနေနှင့် တိုင်းနှင့် ပြည်နယ် ၁၁ ခုတွင် ပွင့်လင်းလူအဖွဲ့အစည်း ဖြစ်ပေါ်ရေးအတွက် လူထုတွေ့ဆုံပွဲများ လှည့်လည်ပြုလုပ် ပြီးစီးပြီ ဖြစ်ကြောင်း နိုဝင်ဘာလ ၃ ရက်နေ့ ထိုင်းနိုင်ငံ၊ ချာအမ်း (Cha Am) မြို့၊ Holiday Inn Regent Resort Beach ရှိ Sema အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ပြည်ပရောက် မြန်မာ
ကျောင်းသားများနှင့် ၈၈ မျိုးဆက် ကျောင်းသားများ တွေ့ဆုံဆွေးနွေးပွဲသို့ ပေးပို့ခဲ့သော ဗီဒီယိုမိန့်ခွန်းတွင် ကိုမင်းကိုနိုင် က ထည့်သွင်းပြောကြားခဲ့သည်။

Most read this week