ဝန်ကြီး ဦးအောင်မင်း ABSDF အပါအဝင် အခြားအဖွဲ့များနှင့် ထိုင်းနိုင်ငံမှာ တွေ့ရန်ရှိ

ဝန်ကြီး ဦးအောင်မင်း ABSDF အပါအဝင် အခြားအဖွဲ့များနှင့် ထိုင်းနိုင်ငံမှာ တွေ့ရန်ရှိ
by -
မဇ္ဈိမ

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ သည် နိုဝင်ဘာလ ၉ ရက်နေ့၌ ထိုင်းနိုင်ငံသို့ ထပ်မံ လာရောက်မည်ဖြစ်သလို ၎င်းခရီးစဉ် အတွင်း ကျောင်းသား တပ်မတော် ABSDF အပါအဝင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အချို့နှင့် တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း ငြိမ်းချမ်းရေးအကျိုး ဆောင် တဦးဖြစ်သူ ဦးလှမောင်ရွှေ က မဇ္စျိမကို ပြောသည်။

“မနက်ဖြန် ကျနော်တို့၊ ဦးအောင်မင်း အဖွဲ့ကတော့ ဗန်ကောက်၊ ချင်းမိုင်ကို သွားဖို့ ရှိပါတယ်။ ထိုင်းနိုင်ငံမှာ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့နဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နဲ့ တွေ့ဖို့ စီစဉ်ထားပါတယ်။ အခြားအဖွဲ့တွေနဲ့လည်း တွေ့ဖို့ စီစဉ်ထားပါတယ်။ ဘယ်အဖွဲ့တွေနဲ့ တွေ့ဖြစ်မလဲ ဆိုတာတော့ တွေ့ပြီးမှပဲ ပြောပြနိုင်မှာပါ” ဟု ဦးလှမောင်ရွှေ က မဇ္စျိမကို ပြောသည်။

ယခု လာရောက် တွေ့ဆုံမည့် အစီအစဉ်သည် အလွတ်သဘောဟု ဆိုနိုင်သော်လည်း အကြိုညှိနှိုင်း ဆွေးနွေးပွဲ ဖြစ်ကြောင်း ဦးလှမောင်ရွှေ က ဆိုသည်။

KNPP အဖွဲ့ အတွင်းရေးမှူး ဖြစ်သူ အောင်ဆန်းမြင့်ကလည်း “အခု အချိန်အထိ ကျနော်တို့ ခေါင်းဆောင်ပိုင်း တွေက ဌာနချုပ်မှာပဲ ရှိပါသေးတယ်။ ဦးအောင်မင်းတို့နဲ့ တွေ့ဖို့ကို အစီအစဉ် ရှိပါတယ်။ ဘယ်နေ့ ဖြစ်မလဲ ဆိုတာ ကျနော်တို့ကို တိတိကျကျ အကြောင်းကြား လာခြင်း မရှိသေးပါဘူး။ ကျနော်တို့ ဘက်ကတော့ ဇွန်လ ၉ ရက်နေ့ ကတည်းက အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး ထားကြတုန်းက သဘောတူ ထားတဲ့ အချက် (၁၄) ချက်ကို ပြန်လည် သုံးသပ် ဆွေးနွေးကြဖို့ ရှိပါတယ်" ဟု ပြောဆိုသည်။

ဇွန်လ အပစ်အခတ် ရပ်စဲစဉ် သဘောတူထားသည့် အချက်များ အနက် ကျန်ရှိနေသည့် တပ်ပိုင်းဆိုင်ရာ ကိစ္စတွင် ကယားပြည်နယ် အခြေစိုက် တပ်များမှလွဲ၍ ဧည့်သည်အဖြစ် ၀င်ရောက်လာသည့်အခြားသော တပ်များ ဆုတ်ခွာပေးရန်၊ လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေးအဖွဲ့ ထားရှိရေး၊ အပစ်အခတ်ရပ်စဲရေး အပေါ် လေ့လာ စောင့်ကြည့်သည့် အဖွဲ့များ ထားရှိရေး၊ ရွာသစ် ရေကာတာ စီမံကိန်း ဆောက်လုပ်ရေး အပေါ်
လေ့လာခွင့် ကိစ္စရပ်များ၊ ဖရူးဆိုး မြို့၌ တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်း ရပ်တန့်ထားပြီး လူထုအတွက် အကျိုးပြုမည့် အခြား စီမံကိန်း တခုခုအား ပြန်ပြောင်း ပေးရန် တောင်းဆိုထားသည့် ကိစ္စရပ်များကို တင်ပြ
ဆွေးနွေး သွားဖွယ် ရှိသည်ဟု ဆိုသည်။

သို့သော် ဖရူးဆိုး မြို့ရှိ အစိုးရ၏ တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းမှာမူ ဆောက်လုပ်ရေး လုပ်ငန်း၏ ၅ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း ဦးအောင်ဆန်းမြင့် က ပြောသည်။

ABSDF နှင့် တွေ့ဆုံရန် အစီအစဉ် ရှိသည့်အပေါ် “ကျနော်တို့နဲ့ ဦးအောင်မင်း တို့နဲ့ တွေ့ဖို့တော့ ရှိပါတယ်။ တွေ့ပြီးမှပဲ သဘောထားတွေကို ကျနော်တို့ တရားဝင် ထုတ်ပြန်မယ်လေ။ အခု ကြိုပြီး ပြောဖို့အတွက် ကျနော်တို့ဘက်မှာ သဘောထား မရှိပါဘူး” ဟု ABSDF ဒုဥက္ကဌဖြစ်သူ ရဲဘော် မျိုးဝင်း က ပြန်လည် ဖြေကြားခဲ့သည်။

အစိုးရအား လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် ABSDF တပ်ဖွဲ့အပေါ် ငြိမ်းချမ်းရေးအဖွဲ့၏ သဘောထားနှင့်ပတ်သက်၍ အကျိုးဆောင် ဦးလှမောင်ရွှေ က “ကျနော့်ဘက်က ပြောလို့ရတာက လက်ရှိ ဦးအောင်မင်း ရှင်းပြတာကိုက ဒီငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ နိုင်ငံ ပြည်လည် ထူထောင်ရေး အစီအစဉ် (Peace Process and Nation Building) မှာ Stake Holder အကုန်လုံးကို သူတို့ ထိတွေ့ ဆက်ဆံပြီး အားလုံးရဲ့ ယုံကြည်မှုနဲ့ တဆင့်ပြီးတဆင့် လုပ်သွားဖို့ ဆိုတာကို ကျနော်တို့ကို ရှင်းပြထားပါတယ်” ဟု မဇ္စျိမကို ပြောဆိုသွားသည်။

အစောပိုင်း၌ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် တွေ့ဆုံကြရန် ရှိသည်ဟု သတင်းများ ထွက်ပေါ် ခဲ့သော်လည်း “ကျနော်တို့ ဒီခရီးစဉ်အတွင်းမှာတော့ UNFC နဲ့ အစည်းအဝေး အစီအစဉ် မရှိပါဘူး” ဟုသာ ဦးလှမောင်ရွှေ က ဆိုသည်။

ဦးအောင်မင်းနှင့် ABSDF တို့မှာ အလွတ်သဘောအဖြစ် ဇွန်လလယ်ပိုင်းကလည်း တကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်သည်။

Most read this week