ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း နယူးဒေလီမြို့ရှိ မြန်မာနိုင်ငံသား ဒုက္ခသည်အချို့နှင့် တွေ့ဆုံရန်ရှိကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ရောက်ရှိလာမည့် ဒေါ်အောင်ဆန်းစုကြည်၏ တပါတ်ကြာခရီးစဉ်၌ ဦးစွာ အိန္ဒိယနိုင်ငံ၌ နှစ်စဉ် ကျင်းပမြဲဖြစ်သည့် ပထမဆုံးဝန်ကြီးချုပ် ပဏ္ဍစ်ဂျဝါဟာလာနေရူး မွေးနေ့ အထိမ်းအမှတ် ဟောပြောပွဲသို့ တက်ရောက် စကားပြောကြားရန် အစီအစဉ် ရှိကြောင်း သိရသည်။
ထို့အပြင် သူမအား နိုင်ငံတကာမှ ချီးမြှင့်ထားသည့် ဆုငွေ အချို့ဖြင့် မတည်ထားသည့် နယူးဒေလီမြို့မှ Prospect Burma အလွတ်စာသင်ကျောင်းရှိ ကျောင်းသား ကျောင်းသူ များနှင့် တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း ကျောင်းအုပ်ဆရာကြီး Dr. Runbik က ပြောသည်။
“ကျနော်တို့ အစီအစဉ် အရဆိုရင် ကျောင်းသားတွေ ရှေ့မှာ ၁၅ မိနစ်လောက် မိန့်ခွန်းပြောမယ်။ ပြီးတော့
ကျောင်းကောင်စီဝင်တွေ၊ ကျောင်းက staff (ဝန်ထမ်း)တွေ၊ သူ့အဖွဲ့က သူတွေ၊ အင်္ဂလန်က မိတ်ဆွေတွေနဲ့ မိနစ် ၂ဝ လောက် ကျောင်းကိစ္စ စကားပြောကြမယ်” ဟု မဇ္စျိမကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့် နေရာနှင့် နေ့ရက်ကိုမူ မသိရှိရသေးသော်လည်း ကြိုဆိုရေး အစီအစဉ်များကို အသင့်ပြင်ဆင်ထားသည်ဟုလည်း ဆိုသည်။
“ဒေါ်စု ရောက်တဲ့ အချိန်မှာ အမျိုးသမီး နှစ်ယောက်၊ တယောက်က မြန်မာဝတ်စုံနဲ့၊ တယောက်က ချင်းဝတ်စုံနဲ့ ပန်းတွေ ပေးမယ်” ဟု Dr. Runbik က ဆိုသည်။
ယင်း Prospect Burma ကျောင်းတွင် လွန်ခဲ့သည့် (၁၅) နှစ်ခန့်ကစ၍ အင်္ဂလိပ်စာနှင့် ကွန်ပြူတာ ပညာရပ်များ သင်ကြားပေးလျှက်ရှိကြောင်း ကျောင်းဝန်ထမ်းတဦးက ဆိုသည်။
“ဒီကျောင်းဟာ အကျိုးရှိပါတယ်။ မြန်မာနိုင်ငံသားဆိုရင် လူမျိုးမရွှေး ဘာသာမရွှေး လက်ခံတဲ့ ကျောင်းပါပဲ။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့နော်၊ ရှေ့ကိုလည်း ကျနော်တို့ကျောင်းက ရှိဖို့လိုအပ်ဦးမှာပါပဲ” ဟု ၎င်းက ပြောသည်။
ယခုခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံရှိ တိုင်းရင်းသား အဖွဲ့များက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရရန် မျှော်လင့်ထားပြီး ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ဇိုမီး အမျိုးသား တဦးဖြစ်သည့် ကိုမင်းထန် က ပြောသည်။
“ကွန်မြူနီတီ အသီးသီးကို အကြောင်းကြားတယ်။ နာမည် စာရင်းတွေ ယူထားတယ်။ မျိုးနွယ်စုရဲ့ ရိုးရာဝတ်စုံတွေ ဝတ်ရမယ်။ တခါတည်း သူတို့ခေါ်တဲ့အချိန် သွားလိုက်မယ်။ ဟားခါးကော်မတီ၊ မတူပီ ကော်မတီ၊ မြန်မာကော်မတီ၊ ဇိုမီးကော်မတီ၊ ဖလမ်းကော်မတီ ပေါ့လေ။ တွေ့ခွင့်ရမယ်လို့ မျှော်လင့်ပါတယ်” ဟု မဇ္စျိမကို ပြောသည်။
အလားတူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရပါက တိုင်းရင်းသားများနှင့် ပါတ်သက်သည့် ကိစ္စရပ်များ မေးမြန်းလိုကြောင်း ချင်းဒုက္ခသည် ကော်မတီ CRC ဥက္ကဋ္ဌ ဖြစ်သူ ဘိုနိုင် က ပြောသည်။
“တွေ့ခွင့်ရမယ်ဆိုလို့ရှိရင် တွေ့ချင်ပါတယ်။ သူက အချိန်မပေးနိုင်ဘူးဆိုလို့ရှိရင် ဘာတတ်နိုင်မှာလဲ” ဟု ဆိုသည်။
နယူးဒေလီမြို့တွင် မြန်မာနိုင်ငံသား ဒုက္ခသည် ၁ဝ,ဝဝဝ ကျော် ရှိကြောင်း ကုလ ဒုက္ခသည်ရုံး မှတ်တမ်းများအရ သိရသည်။