ထိုင်း-မြန်မာ ကုန်သွယ်မှုပမာဏ ၂၀၁၅ မှာ သုံးဆ မြှင့်မည်

ထိုင်း-မြန်မာ ကုန်သွယ်မှုပမာဏ ၂၀၁၅ မှာ သုံးဆ မြှင့်မည်
by -
မဇ္ဈိမ

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နှစ်နိုင်ငံ ကုန်သွယ်မှု့ ပမာဏကို ၃ ဆ မြှင့်မည် ဖြစ်ကြောင်း နိုဝင်ဘာလ ၂ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Royal Orchid Sheraton ဟိုတယ်၌ ပြုလုပ် သည့် ဆဋ္ဌမအကြိမ် မြန်မာ-ထိုင်း ကုန်သွယ်ရေး ပူးတွဲကော်မရှင် အစည်းအဝေးမှတဆင့် သိရသည်။

“ထိုင်း-မြန်မာ ကုန်သွယ်မှု ပမာဏကို ၂ဝဝ၉ ခုနှစ် ကုန်သွယ်မှု ပမာဏကို အခြေခံပြီး ၂ဝ၁၅ ခုနှစ်မှာ ၃ ဆ မြှင့်သွား ပါမယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့် က ပြောကြားခဲ့ခြင်း ဖြစ်သည်။

နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုုပ်နှံမှု တိုးမြှင့်ရေး၊ လယ်ယာထွက်ကုန်နှင့် စက်မှုထွက်ကုန်များဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်မှု ပူးပေါင်းဆောင်ရွက်ရေး၊ လမ််းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်စေရေး၊ ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့သည်။

၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာ-ထိုင်း ကုန်သွယ်မှုမှာ တာချီလိတ်စခန်းမှ ဒေါ်လာ ၄၅ သန်းကျော်၊ မြဝတီစခန်းမှ ဒေါ်လာ ၂၄ သန်းကျော်၊ ကော့သောင်းစခန်းမှ ဒေါ်လာ ၁၂၁ သန်းကျော်၊ မြိတ်စခန်း မှ ဒေါ်လာ ၁၃၄ သန်းကျော်နှင့် ထီးခီးစခန်းမှ ဒေါ်လာ ၁၆ သန်းကျော်တို့ ကုန်သွယ်မှုရှိခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအနေနှင့် ထိုင်းနှင့်ကုန်သွယ်မှုတွင် ၂ဝ၁၂ ခုနှစ်၊ ဇွန်လကုန်အထိ ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၈၄၃.၃၆ သန်း ရှိပြီး သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၂.ဝ၁ သန်း ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်၏ မြန်မာ-ထိုင်း ကုန်သွယ်မှုအခြေအနေမှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၈၂၃.၈၃ သန်းရှိပြီး သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၆၉၁.၁၅ သန်းရှိနေသည်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်၏ ပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၉ဝ၅.၁၈ သန်းရှိခဲ့ပြီး သွင်းကုန်တန်ဖိုးမှာ ရဝ၉.ဝ၉ သန်း အသီးသီးရှိခဲ့သည်ကို လည်း အဆိုပါ ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

Most read this week