မြန်မာ-ဩစတြေးလျ ကုန်သွယ် စီးပွား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်

မြန်မာ-ဩစတြေးလျ ကုန်သွယ် စီးပွား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်
by -
မဇ္ဈိမ

မြန်မာနိုင်ငံနှင့် ဩစတြေးလျ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအတွက် သမ္မတ ဦးသိန်းစိန်နှင့် ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ် မစ္စဂျူလီယာ ဂေးလ်လက် Julia Gillard တို့ နိုဝင်ဘာလ ၅ ရက်က လားအိုု့စ်နိုုင်ငံ ဗီယင်ကျန်းမြို့ရှိ ဒေါင်ချန်းဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံတွင်း သတ္တုနှင့် စွမ်းအင်ကဏ္ဍများတွင် လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေး၊ နေရောင်ခြည် စွမ်းအင် ထုတ်လုပ်ရေး အပါအဝင် လျှပ်စစ်စွမ်းအား တိုးမြှင့်ထုတ်လုပ်ရေးတို့ကို နှစ်နိုင်ငံ ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ထို့ပြင် စိုက်ပျိုးရေး ထုတ်ကုန်များကို အဆင့်မြှင့် ထုတ်လုပ်နိုင်ရန် နည်းပညာရပ်များ ပံ့ပိုးပေးရေး၊ ကျေးလက် ဒေသများအထိ ဆက်သွယ်ရေးနှင့် အိုင်တီနည်းပညာရပ်များ တိုးတက် ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးပေးရေးတို့ကို လည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

၂ဝ၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေး၌ တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားရေးအတွက် သင်တန်းနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် အကူအညီ ပေးရေးတို့လည်း ဗီယင်ကျန်း၌ ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

Most read this week