စုံစမ်းရေးကော်မရှင် အစီရင်ခံစာတင်မည့် သတ်မှတ်ရက်ရွှေ့ဆိုင်း

စုံစမ်းရေးကော်မရှင် အစီရင်ခံစာတင်မည့် သတ်မှတ်ရက်ရွှေ့ဆိုင်း
by -
မဇ္ဈိမ

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တွေ့ရှိချက်များအား သမ္မတထံ နို၀င်ဘာလ (၁၆) ရက်နေ့ နောက်ဆုံးထား အစီရင်ခံရန် သတ်မှတ်ထားခဲ့သော်လည်း ၂၀၁၃ ခုနှစ်၊ မတ်လ ၃၁ ရက်သို့ ရွှေ့ဆိုင်း သတ်မှတ်လိုက်ကြောင်း အဖွဲ့ဝင် တဦးဖြစ်သူ ဦးသူရ (ခေါ်) ဇာဂနာ က ပြောဆိုလိုက်သည်။

နိုဝင်ဘာလ ၅ ရက်နေ့က ရန်ကုန်မြို့ ရွှေလီလမ်း Peace Center တွင် ပြုလုပ်သော အစည်းဝေးအပြီး မီဒီယာ များကို ဦးသူရ က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အခုက တခါမှ မဖြစ်သေးတဲ့ ကျောက်ဖြူလို နေရာမျိုးမှာလည်း ထပ်ဖြစ်တော့ အစီရင်ခံစာကို အနည်းငယ်
နှောင့်နှေးရတာပါ” ဟု ဦးသူရ က ရှင်းပြသည်။

သို့သော် ကော်မတီ စတင်ဖွဲ့စည်းခဲ့သည့် သြဂုတ်လမှ နိုဝင်ဘာလ ၁၆ ရက်နေ့အတွင်း စုံစမ်းရရှိသမျှကို ကြားဖြတ် အစီရင်ခံစာအဖြစ် သမ္မတထံ တင်သွင်းနိုင်မည်ဟုလည်း သိရှိရသည်။

တချိန်တည်းတွင် စုံစမ်းစစ်ဆေရေး ကော်မတီဝင်နှစ်ဦးဖြစ်သည့် အစ္စလာမ်သာသနာရေးရာ ကောင်စီဌာန ချုပ်မှ ဥက္ကဋ္ဌ ဟာဂျီ ဦးညွန့်မောင်သျှိန်နှင့် အတွင်းရေးမှူး ဟာဂျီ ဦးတင်မောင်သန်း တို့အား နို၀င်ဘာလ (၁) ရက်နေ့က သမ္မတရုံးအမိန့်ဖြင့် တာဝန်မှ ရပ်စဲလိုက်သည်ဟု သိရကြောင်း ဦးသူရက ပြောသည်။

“ကျနော်တို့ ဒီအဖွဲ့ကိုယ်တိုင်က သမ္မတကြီးက ဖွဲ့စည်းပေးထားတဲ့အဖွဲ့ ဖြစ်တယ်။ ကျနော်တို့တွေရဲ့ ကော်မရှင် တာဝန်က ရပ်စဲခြင်းက သမ္မတရုံးကနေ ကျနော်တို့ကို အကြောင်းကြားတာ။ ဘာ့ကြောင့်ဆိုတာကို ကျနော်တို့ ကိုယ်တိုင်လည်း မသိရသေးဘူး။ ကျနော်တို့လည်း သိချင်နေတယ်” ဟု ဦးသူရ က ပြောသည်။

သို့သော် စုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်ကမူ “အဓိကကတော့ ဘာကြောင့် ဘယ်လိုဆိုတာထက် သူတို့နှစ်ယောက်အနေနဲ့က ဒီကော်မရှင်ထဲမှာပါပေမယ့် သူတို့လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းနဲ့ သူတို့ လုပ်နေတာနဲ့က သိပ်ကိုက်ညီမှု မရှိတဲ့အတွက်ကြောင့်လို့ ကျနော်တို့လည်း အဲလောက်ပဲ သိထားတယ်” ဟု မီဒီယာများကို ပြောဆိုခဲ့သည်။

သြဂုတ်လ ၁၇ ရက်နေ့ သမ္မတရုံး ထုတ်ပြန်ကြေညာချက်ဖြင့် ဖွဲ့စည်းပေးလိုက်သော အဖွဲ့ဝင် ၂၇ ဦးပါ စုံစမ်း စစ်ဆေးရေး ကော်မရှင်တွင် အစ္စလာမ်သာသနာရေးဆိုင်ရာ ကောင်စီဌာနချုပ်မှ ကိုယ်စားလှယ်များ မပါဝင်တော့ဘဲ အခြားမူဆလင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အခြားကိုယ်စားလှယ်များ စုစုပေါင်း ၂၅ ဦးသာ ကျန်ရှိတော့သည်။

ထိုသို့ ကော်မရှင်အဖွဲ့ဝင်နှစ်ဦးအား ရပ်စဲလိုက်ခြင်းနှင့်ပတ်သက်၍ သမ္မတရုံး ဝက်ဆိုက်နှင့် နိုင်ငံပိုင် သတင်း စာများ တွင် ယနေ့ချိန်ထိ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။

စုံစမ်းရေး ကော်မရှင်က ရခိုင်ပြည်နယ်တွင် အောက်တိုဘာလ မကုန်မီက ဒုတိယအကြိမ် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများအား သွားရောက် စုံစမ်းရန် သက်ဆိုင်ရာသို့ ခွင့်ပြုချက် တောင်းထားသော်လည်း လုံခြံုရေး အခြေအနေအရ သွားရောက်ခွင့် မရသေးကြောင်း သိရသည်။

သို့သော် ကော်မရှင်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း အခြေစိုက်ရုံးဖွင့်လှစ်၍ စုံစမ်းရန် စီစဉ်နေကြောင်း ဦးဇာဂနာ က ပြောဆိုသည်။

Most read this week