ရခိုင်ပဋိပက္ခ တူရကီမှ လူသားချင်း စာနာမှု အကူအညီပေး

ရခိုင်ပဋိပက္ခ တူရကီမှ လူသားချင်း စာနာမှု အကူအညီပေး
by -
မဇ္စျိမ

ရခိုင် ပြည်နယ်တွင် ပြန်လည်ဖြစ်ပွားနေသော ဆူပူအကြမ်းဖက်မှုများကြောင့် မြေဇာပင် ဖြစ်ခဲ့ရသည့် ဒုက္ခသည်များအတွက် လူသားချင်း စာနာမှု အကူအညီများကို တူရကီနိုင်ငံမှ ပထမဆုံး အကြိမ်အဖြစ်အောက်တိုဘာလ ၂၅ ရက်နေ့က စစ်သုံး လေယာဉ် C-130 နှစ်စီးဖြင့် မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သမ္မတရုံး ညွှန်ကြားရေးမှူး က အတည်ပြု ပြောဆိုလိုက်သည်။

“အောက်တိုဘာ ၂၁ ဖြစ်စဉ်အတွက် တူရကီ နိုင်ငံက ပေးပို့တဲ့ လူသားချင်း စာနာမှု အကူအညီက ဒါပထမဆုံး အခေါက် ဖြစ်ပါတယ်။ တူရကီ နိုင်ငံခြားရေး ဝန်ကြီး လာတုန်းက၊ OIC ကိုယ်စားလှယ် လာတုန်းကနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ တွေ့တိုင်းမှာလည်း ပြောပါတယ်။ ဘာကို ပြောလဲဆိုတော့ လူသားချင်းစာနာမှု အကူအညီတွေ ကိုတော့ လက်ခံတယ်။ သို့သော်လည်းပဲ အဲဒီဟာသည် နှစ်ဖက်လုံးမှာ ရှိတဲ့ လူ့အဖွဲ့အစည်း နှစ်ရပ်လုံးရဲ့ ဒုက္ခသည်တွေကို မျှမျှတတ ပေးဝေ ဖို့တော့ လိုပါတယ်” ဟု ညွှန်ကြားရေးမှူး ဗိုလ်မှူး ဇော်ဌေး က မဇ္စျိမကို ပြောသည်။

အောက်တိုဘာလ (၂၅) ရက်နေ့က တူရကီ နိုင်ငံမှ လူသားချင်း စာနာမှူ အကူအညီ များကို စစ်သုံး လေယာဉ် C-130 ဖြင့် ပို့ဆောင် ပေးခဲ့ သည်ကို ရန်ကုန် လေဆိပ်၌ တွေ့ရစဉ်။ (ဓါတ်ပုံ - Myatphone Linn ဖေ့ဘွခ် စာမျက်နှာ)

တနင်္ဂနွေနေ့က ပြန်လည်စတင်လာသည့် အကြမ်းဖက်မှုများကြောင့် ယခုအခါ ကျောက်ဖြူ၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး မြို့နယ်များ၌ အောက်တိုဘာလ ၂၄ ရက်နေ့အထိ သေဆုံး သူပေါင်း ၁၂ ဦး၊ ဒဏ်ရာရသူ ၅ဝ ဦးနှင့် လူနေအိမ် ၁၉၄၈ ဆောင်၊ ဘာသာရေး အဆောက်အဦ ၈ ခု မီးလောင် ပျက်စီးဆုံးရှုံး ခဲ့ရသည်ဟု သမ္မတ ရုံးမှ ကြာသပတေးနေ့က ထုတ်ပြန်ကြေညာခဲ့သော်လည်း အတည်မပြုနိုင်သေးသည့် သတင်းရပ်ကွက်များကမူ သေဆုံးသူဦးရေ ၁ဝဝ ကျော်ရှိနေသည်ဟု သိရသည်။

လူမျိုးဘာသာ မခွဲခြားဘဲ လူသားခြင်း စာနာ ထောက်ထားမှူ အကူအညီများ ပေးအပ်နိုင်ရန်အတွက် ရန်ကုန်ရှိ တူရကီ သံရုံးနှင့် မြန်မာ အစိုးရတို့အကြား ညှိနှိုင်းထားကြသည်ဟုလည်း ဦးဇော်ဌေး က ဆက်ပြောသည်။

ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်လာသည့် အဆိုပါ လေယာဉ် နှစ်စီးပါ အကူအညီများကို သောကြာနေ့က
မြန်မာ့ လေကြောင်းလိုင်း Charter Flight များဖြင့် စစ်တွေမြို့သို့ ပေးပို့ခဲ့သည်။ အဆိုပါ အကူအညီများမှာ ဒုက္ခသည်များအတွက် အစားအသောက်နှင့် အဝတ်အထည်များ အဓိကပါဝင်ပြီး သကြားလုံး ၂,၂၈ဝ သေတ္တာ၊ အစားအစာ ၉၆ဝ ထုပ်၊ ဘီစကွတ် ၁၁,ဝဝဝ အိတ်၊ ဖိနပ် ၅ဝဝ သေတ္တာ၊ အဝတ်အထည် ၁,ဝဝဝ ထုပ်၊ ကစားစရာ အရုပ် ၅ဝဝ သေတ္တာ ပါဝင်ပြီး စုစုပေါင်း တန်ချိန် ၃ဝ အလေးချိန် ရှိသည်ဟု ဆိုသည်။

“မြန်မာနိုင်ငံ အနေနဲ့ကတော့ နိုင်ငံတကာ အကူအညီ မပေးရလို့ ပိတ်ပင်တားမြစ်ခြင်း မရှိပါဘူး။ အကူအညီဆိုတာ က လူသားချင်း စာနာထောက်ထားမှုနဲ့ ပေးတဲ့ အကူအညီတွေပါ။ အခုလက်ရှိ လတ်တလော လိုနေတာက စားနပ်ရိက္ခာ၊ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆေးဝါးတွေ ပေးအပ်နိုင်ပါတယ်လို့ ပြောထားပါတယ်။ အဲဒီအပေါ် သူတို့ဘက်က ပို့ချင်ပါတယ်လို့ ပြောတော့ မနေ့က အဲဒီဟာ တင်ပြလာတော့ လုပ်ပေးလိုက်တယ် ခင်ဗျ” ဟု ညွှန်ကြားရေးမှူး ဗိုလ်မှူး ဇော်ဌေး က မဇ္စျိမကို ပြောသည်။

တူရကီနိုင်ငံမှာ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အတွင်းရေးမှူးချုပ်မှာ လည်း တူရကီနိုင်ငံမှပင် တာဝန်ယူထားသည်။

၎င်းအကူအညီ များကို ရခိုင်ပြည်နယ် အစိုးရ လက်ဝယ်သို့ လွှဲပြောင်းပေးမည် ဖြစ်ပြီး ပြည်နယ်အစိုးရက တာဝန်ယူ၍ ဒုက္ခသည်များ လက်ဝယ်အရောက် ဖြန့်ဝေ ပေးသွားမည်ဟု ဗိုလ်မှူးဇော်ဌေးက ဆိုသည်။။

ယခု ပြန်လည် ဖြစ်ပွားလာသော ရခိုင်ပြည်နယ် ပဋိပက္ခ နောက်ကွယ်၌ ကြိုးကိုင် လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ ရှိနေပြီး ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု အောက်တိုဘာလ ၂၅ ရက်နေ့ သမ္မတရုံး၏ ကြေညာချက်၌ ဖော်ပြထားသည်။

Most read this week