လူဝင်မှုကြီးကြပ်ရေး ဥပဒေကို တာဝန်ရှိသူများ အကောင်အထည် ဖော်ရာတွင် အားနည်းခဲ့၍ ယနေ့ပြဿနာများ ကြံုတွေ့နေရခြင်း ဖြစ်သည်ဟု ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)က ပြောဆို လိုက်သည်။
ထို့ကြောင့် စက်တင်ဘာလအတွင်းက ရသေ့တောင်မြို့တွင် ကျင်းပခဲ့သည့် ရခိုင် လူထု အစည်းအဝေး ဆုံးဖြတ်ချက် အတိုင်း ၁၉၈၂ ခုနှစ် လူဝင်မှုကြီးကြပ်ရေး ဥပဒေကို တိကျစွာ အကောင်အထည်ဖော်ရန် ALP အထွေထွေ အတွင်းရေးမှူး ခိုင်သုခ က ပြောသည်။
“ဥပဒေကတော့ ရှိနေတယ်။ ဒါပေမယ့်လို့ နယ်စပ်မှာရှိတဲ့ အရာရှိတွေ တခြားနည်းမျိုးစုံနဲ့ ခိုးဝင်တဲ့ သူတွေဆီက လာဘ်စားတာတို့က ကိုယ့်တိုင်းပြည်ထဲမှာ တဘက်နိုင်ငံက လူတွေ ပြည့်သွားတာပေါ့။ အဲဒါကြောင့်မို့လို့ ကိုယ့်တိုင်းပြည်ထဲမှာ ရှိတဲ့ ဥပဒေကို ဥပဒေအတိုင်းပဲ တင်းတင်းကြပ်ကြပ် ကိုင်တွယ်သွားရေး၊ ဥပဒေအတိုင်း အကောင်အထည်ဖော်သွားရေး ကျနော်တို့က ပြောတာပါ။ အစိုးရက သူ့အလုပ်သူ မလုပ်လို့ ပြည်သူက မခံမရပ်နိုင် လို့ ထလုပ်ရတာ” ဟု မဇ္စျိမကို ပြောသည်။
ဧပြီလအတွင်းက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ရရှိထားသည့် ALP အနေနှင့် ရခိုင်လူမျိုးတို့အား မြန်မာစစ်တပ်မှ ပစ်ခတ်နေခြင်းကိုလည်း ကန့်ကွက်ကြောင်းလည်း ကြာသပတေးနေ့ ကြေညာချက်တွင် ပါရှိသည်။
“အကုန်လုံးကို ခြံုပြီးကြည့်ရင် အစိုးရကနေပြီးတော့ နိုင်နိုင်နင်းနင်း မကိုင်တွယ်နိုင်ဘူး ဆိုတဲ့ဥစ္စာကို ပြနေတာပဲ။ ဦးသိန်းစိန် အစိုးရက ပြောထားတာ ရှိပါတယ်။ သူ့အနေနဲ့ ရခိုင်ဘက်ကလည်း မပါဘူး။ ဘင်္ဂလီဘက်ကလည်း မပါဘူး။ ကြားက ရပ်တည်မယ်ဆိုတဲ့ ဥစ္စာမျိုး။ တကယ်ပြောမယ်ဆိုရင်တော့ ဘင်္ဂါလီ က တဘက်နိုင်ငံက ခိုးဝင်လာ တာ။ ရခိုင်က ညီအကို တိုင်းရင်းသားဗျ” ဟု ခိုင်သုခ က ဆိုသည်။
ALP ကို ၁၉၆၇ ခုနှစ်တွင် ရန်ကုန်မြို့၌ စတင်တည်ထောင်ခဲ့ပြီး ၁၉၇၄ မှစ၍ လက်နက်ကိုင်လမ်းစဉ်ဖြင့် လှုပ်ရှား ဆောင်ရွက်ခဲ့သည်။
တနင်္ဂနွေနေ့မှ ပြန်လည်စတင်လာသည့် အကြမ်းဖက်မှုများကြောင့် ယခုအခါ ကျောက်ဖြူ၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး မြို့နယ်များ၌ အောက်တိုဘာလ ၂၄ ရက်နေ့အထိ သေဆုံး သူပေါင်း ၁၂ ဦး၊ ဒဏ်ရာရသူ ၅ဝ ဦးနှင့် လူနေအိမ် ၁၉၄၈ ဆောင်၊ ဘာသာရေး အဆောက်အဦ ၈ ခု မီးလောင်၍ ပျက်စီးဆုံးရှုံး ခဲ့ရသည်ဟု သမ္မတ ရုံးမှ ကြာသပတေးနေ့က ထုတ်ပြန်ကြေညာခဲ့သော်လည်း အတည်မပြုနိုင်သေးသည့် သတင်းရပ်ကွက်များကမူ သေဆုံးသူဦးရေ ၁ဝဝ ကျော်ရှိနေသည်ဟု ဆိုကြသည်။