ဆန်တန်ပို့မှု တရုတ်နယ်စပ်သို့ အဓိက သွားနေ

ဆန်တန်ပို့မှု တရုတ်နယ်စပ်သို့ အဓိက သွားနေ
by -
မဇ္စျိမ

မြန်မာ့ ဆန်စပါးများကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့က အဓိက ဝယ်ယူလျက်ရှိရာ တရုတ် နယ်စပ်ကုန်သွယ်ရေးမှ တဆင့် အများစု သွားနေကြောင်း ဆန်ကုန်သည်ကြီးများက ပြောသည်။

“နယ်စပ်ကနေတဆင့် တင်ပို့ရာမှာ အိန္ဒိယနယ်စပ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က အဝယ် မရှိပါဘူး။ တရုတ်နဲ့ ထိုင်းက အဝယ်ရှိတယ်။ တရုတ်နယ်စပ်က တင်ပို့ရမှုက ၉ဝ % လောက်ရှိနေပါတယ်” ဟု ရန်ကုန်မြို့၊ ဝါးတန်းလမ်း ဆန်ကုန်သည်ကြီးတဦးက ပြောသည်။

ထို့ပြင် ဆန်အသစ်များ ဖြစ်နေ၍ ပင်လယ်ရေကြောင်းဖြင့် ခရီးရှည် တင်ပို့ရန် အခက်အခဲရှိသည့်အကြောင်း လည်း မြန်မာနိုင်ငံ ဆန်စပါး အသင်းမှ တာဝန်ရှိသူတဦးက ရှင်းပြသည်။

“မိုးစပါးတွေ ပေါ်ကာစ ဆန်သစ်တွေ ဆိုတော့ အစိုဓာတ်တွေ များနေတယ်။ သင်္ဘောနဲ့ သွားမယ်ဆိုရင် ပို့မယ့်နေရာ ကို ၁၅ ရက်လောက်မှ ရောက်မှာဆိုတော့ အရည်အသွေးကို ထိနိုင်တယ်။

ဒါကြောင့် သင်္ဘောတင်ဖို့ အဆင်မပြေဘူး။ FOB နဲ့ များများစားစား ရောင်းဖို့လည်း မရှိသေးဘူး။ နယ်စပ်ကုန်သွယ်ရေးကပဲ အဓိက သွားနေပါတယ်။ နယ်စပ် ကျတော့ ရ ရက်လောက်ဆိုရင် ဝယ်သူရဲ့ လက်ထဲကို ရောက်ပြီ” ဟု  ဦးမျိုးသူရအေး က ပြောသည်။

ပြည်ပသို့ ဆန်တင်ပို့မှု လာမယ့်နှစ်မှာ ဆန်တန်ချိန် ၂ သန်းနဲ့ ၂ဝ၁၅ ခုနှစ်မှာ ၃ သန်းအထိ တိုးမြှင့်တင်ပို့နိုင် အောင် ရည်မှန်းထားကြောင်း ဆန်စပါးအသင်းချုပ်မှ အတွင်းရေးမှူး ဦးရဲမင်းအောင် က ပြော (ဓါတ်ပုံ မဇ္စျိမ)

အောက်တိုဘာလ ဒုတိယပတ်အတွင်း ပြည်ပပို့ စျေးနှုန်းများမှာ ၁ တန်လျှင် ၅ မှတ်ဆန်ကို ၄၂ဝ-၄၃ဝ ဒေါ်လာ၊ ၁ဝ မှတ်ဆန် ၄ဝဝ-၄၁ဝ ဒေါ်လာ၊ ၁၅ မှတ်ဆန် ၃၈ဝ-၃၉ဝ ဒေါ်လာ နှင့် ၂၅ မှတ်ဆန် ၃၅၅-၃၇ဝ ဒေါ်လာတို့ ဖြစ်သည်။

ပြည်တွင်း စျေးကွက်တွင် ဆန်ကြမ်း (၂၅ မှတ်) ၁ဝ၈ ပေါင် တအိတ်လျှင် ၁၃,၅ဝဝ ကျပ်။ ၅ မှတ်ဆန် ၁ဝ၈ ပေါင် တအိတ်လျှင် ၁၄,ဝဝဝ-၁၅,၅ဝဝ ကျပ် ရှိနေသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ နယ်စပ် ဆန်စျေးနှုန်းများမှာ မူဆယ်တွင် ပေါ်ဆန်းတအိတ် ၃၉,၆ဝဝ ကျပ်၊ ချင်းရွှေဟော်တွင် ပေါ်ဆန်းတအိတ် ၄၈,ဝဝဝ ကျပ်၊ မြဝတီတွင် ဧည့်မထ တအိတ် ၂၆,၄ဝဝ ကျပ်၊ တာချီလိတ်တွင် ဧည့်မထ တအိတ် ၂၁,၆ဝဝ ကျပ်၊ မြိတ်တွင် ပေါ်ဆန်းတအိတ် ၃၁,၂ဝဝ ကျပ်၊ ကော့သောင်းတွင် ပေါ်ဆန်းတအိတ် ၂၆,၄ဝဝ ကျပ်၊ မောင်တောတွင် ဧည့်မထ တအိတ် ၁၈,ဝဝဝ ကျပ်၊ တမူးတွင် ဧရာမင်း တအိတ် ၂ဝ,၄ဝဝ ကျပ်နှင့် ရိဒ်ခေါတာတွင် ဧရာမင်း တအိတ် ၂၂,ဝဝဝ ကျပ်တို့ ဖြစ်သည်။

ပြည်ပသို့ ဆန်တင်ပို့မှု တိုးမြှင့်သွားရန်ရှိကြောင်း “ဒီနှစ်မှာ မနှစ်ကထက် တဆ ပိုပြီး ဆန်တန်ချိန် ၁.၅ သန်း တင်ပို့ဖို့မျှော်မှန်းထားပါတယ်။ လာမယ့်နှစ်မှာ ဆန်တန်ချိန် ၂ သန်းနဲ့ ၂ဝ၁၅ ခုနှစ်မှာ ၃ သန်းအထိ တိုးမြှင့်တင်ပို့နိုင်အောင် ရည်မှန်းထားပါတယ်” ဟု ဆန်စပါးအသင်းချုပ်မှ အတွင်းရေးမှူး ဦးရဲမင်းအောင် က ပြောသည်။

မြန်မာ့ဆန် ပြည်ပတင်ပို့နိုင်မှု အနေအထားမှာ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း ၁၃၆,၂၃ဝ တန် တင်ပို့နိုင်ခဲ့ပြီး ၂ဝ၁၂-၁၃ ဘဏ္ဍာနှစ် စက်တင်ဘာ လကုန်အထိ ၂၈၂,ဝ၂၁ တန် တင်ပို့ပြီး ဖြစ်ကြောင်း သိရသည်။

Most read this week