အမေရိကန်က ရခိုင်ပြည်နယ်အရေး ဒေါ်လာ ၂.၇၃ သန်း ထပ်မံကူညီ

အမေရိကန်က ရခိုင်ပြည်နယ်အရေး ဒေါ်လာ ၂.၇၃ သန်း ထပ်မံကူညီ
by -
မဇ္စျိမ

ရခိုင်ပြည်နယ်ရှိ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများအရေး လူသားချင်း စာနာ ထောက်ထားမှု အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၂ ဒဿမ ရ၃ သန်း ထပ်မံ ကူညီသွားမည်ဖြစ်ကြောင်း သံအမတ်ကြီး ဒဲရစ်မစ်ချယ် က အမေရိကန်သံရုံး၌ စနေနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

ကုလသမဂ္ဂ ဒုက္ခသည်ရုံး (UNHCR) အတွက် ဒေါ်လာ ၂ သန်းနှင့် ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) အတွက် ဒေါ်လာ ရ၃ဝ,ဝဝဝ တို့အား ရခိုင်ပြည်နယ်ရှိ ကုလ တာဝန်ခံများထံ အမေရိကန်က ပေးအပ်လိုက်သည်ဟု သိရသည်။

“နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု အကူအညီအနေနဲ့ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ အဖွဲ့စည်းအသီးသီးကို ပေးသွားမှာ ဖြစ်ပါတယ်” ဟု သံအမတ်ကြီးက ဆိုသည်။

ဒုက္ခသည်များ၏ ရေ၊ မိလ္လာနှင့် တကိုယ်ရေသန့်ရှင်းရေးများ အတွက် လိုအပ်ချက်များ ဖြည့်ဆည်းပေးရာတွင် အခြေခံ တကိုယ်ရေ သန့်ရှင်းရေး ပစ္စည်းများဖြန့်ဖြူးပေးခြင်း၊ အိမ်သာနှင့် ရေချိုးရန် နေရာများ ကူညီပေးခြင်း၊ ရေသန့် ရရှိရန် တည်ဆောက်ပေးခြင်းများကို UNICEF မှ ကြားဝင် ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

ယခုအကူညီသည် ရခိုင်နှင့် ရိုဟင်ဂျာ အသိုင်းအဝိုင်း နှစ်ခုလုံးအတွက် ထောက်ပံ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် သီတင်းပါတ်အတွင်းက အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် စစ်ဖက် အဆင့်မြင့် အရာရှိ ကြီးများ မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်က အရပ်သား အစိုးရ လက်ထက်၌ စစ်တပ်၏ အခန်းကဏ္ဍ အပါအဝင် အမေရိကန် စစ်တပ် အတွေ့အကြုံများကို ရှင်းလင်း ပြောဆိုခဲ့ကြောင်း သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ပြောဆိုသည်။

အမေရိကန် အနေနှင့် မြန်မာပြည်တွင် ရင်းနှီး မြှပ်နှံရန် စိတ်ဝင်စားပြီး မကြာမီ ထွက်ပေါ်လာမည့် ရင်းနှီးမြှပ်နှံမှု ဥပဒေကိုလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သံအမတ်ကြီးက ပြောကြားသွားခဲ့သည်။

Most read this week