ကျင်းပဆဲ လွှတ်တော်တွင် ရင်းနှီးမြှှုပ်နှံမှုဥပဒေ အတည်ပြုမည်

ကျင်းပဆဲ လွှတ်တော်တွင် ရင်းနှီးမြှှုပ်နှံမှုဥပဒေ အတည်ပြုမည်
by -
မဇ္စျိမ

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကို ကျင်းပလျက်ရှိသည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေးအတွင်း အတည်ပြုနိုင်မည်ဟု လွှတ်တော်အမတ်များက သုံးသပ်ပြောကြားသည်။

“ကျနော် ထင်ထားတာတော့ မကြာနိုင်တော့ပါဘူး။ မထင်ထားတာတွေ တခါတခါ လုပ်တတ်တာကလွဲလို့ အဆင်ပြေနိုင်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေဟာ ဒီလွှတ်တော်မှာ အတည်ပြုနိုင်မှာပါ” ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးငွန်မောင်း က မဇ္စျိမကို ပြောသည်။
 ပြည်သူ့လွှတ်တော် ပဥ္စမမြောက်အစည်းအဝေးကို နေပြည်တော်တွင် ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့က စတင်ကျင်းပရာ ကိုယ်စားလှယ်များအား တွေ့ရစဉ်။ (ဓာတ်ပုံ - မြတ်ကျော်သူ၊ မဇ္စျိမ)
သမ္မတ၏ သဘောထား မှတ်ချက်များ ပါဝင်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပေဒေကြမ်းကို အောက်တိုဘာ ၂၂ ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခဲ့ပြီး ထိုသဘောထား မှတ်ချက်များအပေါ် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက အစီရင်ခံစာ ထုတ်ပြန်ထားသည်။

“ဒီလွှတ်တော်အတွင်းမှာ ဒီဥပဒေကို အတည်ပြုနိုင်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ နောက်ဆုံး နိုဝင်ဘာ ၁ ရက်နေ့ ဆိုတဲ့ အထိတောင် ကျနော်တို့ ဆွေးနွေးနိုင်တယ်လေ” ဟု ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးဘရှိန် က မဇ္စျိမကို ပြောသည်။

သမ္မတ ဦးသိန်းစိန်ကလည်း မကြာမီ ရက်ပိုင်းအတွင်း ပြီးမြောက်နိုင်ကြောင်း “FDI Law (နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ)ကို ပြန်ပြီးတော့ ပြင်တယ်။ လွှတ်တော်မှာ တင်ထားတယ်။ ရက်ပိုင်း အတွင်းလောက်ဆိုရင် ကျလာမှာ ဖြစ်ပါတယ်” ဟု တနင်္ဂနွေနေ့က သမ္မတ အိမ်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ္ပ၌ ထည့်သွင်းပြောကြားသွားသည်။

ထို့အပြင် “ရင်းနှီးမြှုပ်နှံမှုကို နိုင်ငံတော်တော်များများနဲ့ လေ့လာပြီး လုပ်ထားတာဖြစ်ပါတယ်၊ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ တွေကိုသေချာလေ့လာထားတာပါ။ အိမ်နီးနားချင်း နိုင်ငံတွေနဲ့ လိုက်လျော ညီထွေဖြစ်အောင် ရေးဆွဲထား တာဖြစ်တယ်။ ဒီအထဲမှာ ရင်းနှီးမြှုပ်နှံဖို့ လာတဲ့သူတွေကိုအကာအကွယ် ပေးထားတဲ့ ဥပဒေတွေ ပါပါတယ်။ ရင်းနှီး မြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်မယ့် ဥပဒေတွေကိုလည်း ထည့်သွင်း ရေးဆွဲထားပါတယ်” ဟု ဆင်ဟွာ သတင်းဌာန ၏ မေးခွန်းအားသမ္မတက ဖြေကြားသွားခဲ့သည်။

ပြီးခဲ့သည့် ပြည်ထောင်စုလွှတ်တော်၊ စတုတ္ထပုံမှန်အစည်းအဝေးက အဆိုပါဥပဒေကို အတည်ပြုခဲ့ပြီး သမ္မတထံ စက်တင်ဘာလက ပေးပို့ခဲ့သည်။ ထို့နောက် စက်တင်ဘာ ၂၂ တွင် သမ္မတ၏ မှတ်ချက်များဖြင့် ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ဥပဒေကြမ်းပူးပေါင်းကော်မတီသို့ ဆက်လက် ပေးပို့ခဲ့သည်။

ဤဥပဒေကြမ်းကို အဆိုပါကော်မတီက စက်တင်ဘာ ၈ ရက်မှ ၂ဝ ရက်ထိ အစည်းအဝေးများ ကျင်းပကာ ဆွေးနွေး ခဲ့ကြသည်။

ထိုဥပဒေတွင် ပြင်ဆင်ရေးသားသင့်သည့် သမ္မတ၏ သဘောထားမှတ်ချက် ၁၁ ချက်ရှိပြီး ဥပဒေရေးထုံးကို ပြင်ဆင် သည့်အချက် ၅ ချက်ပါဝင်သည်ဟု ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

“ဖက်စပ်လုပ်ငန်းဖွဲ့စည်းပါက နိုင်ငံခြား မတည်ငွေနှင့် နိုင်ငံသား မတည်ငွေအချိုးကို ဖက်စပ်လုပ်ငန်း ပြုလုပ်သည့် နိုင်ငံခြားသားနှင့် နိုင်ငံသားရင်းနှီးမြုပ်နှံမှု နှစ်ဖက်သဘောတူညီချက်အရ သတ်မှတ်နိုင်သည်ဟု ပြဋ္ဌာန်းသင့်ကြောင်း” သမ္မတမှတ်ချက်တွင် ပါရှိသည်ဟု အစီရင်ခံစာက ဆိုသည်။

ထို့ပြင် သမ္မတ၏ မှတ်ချက်တွင် “နိုင်ငံခြား မတည် ငွေရင်း၏ အနည်းဆုံး ရာခိုင်နှုန်း ပါဝင်ရန် သတ်မှတ်ချက်ကို အခြား အာဆီယံ နိုင်ငံများတွင်လည်း ကျင့်သုံးခြင်း မရှိပါသဖြင့် နိုင်ငံခြားသားနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဖက်စပ် အချိုးအား ခွဲခြား သတ်မှတ်မည့်အစား နှစ်ဦးသဘောတူဆုံးဖြတ်ချက် ဖြင့်သာ ဆောင်ရွက်နိုင်စေရန်နှင့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရန် ရည်ရွယ်၍ ပြင်ဆင်ထားချက်သည် လျော်ကန် သင့်မြတ်ကြောင်းလည်းတွေ့ရှိရ” ဟုလည်း အစီရင်ခံစာတွင် ပါရှိသည်။

Most read this week