‘ရွှေမြွေဟောက်’ လေ့ကျင့်မှုတွင် ပါ၀င်ရန် မြန်မာကို အမေရိကန် ဖိတ်ခေါ်မည်

‘ရွှေမြွေဟောက်’ လေ့ကျင့်မှုတွင် ပါ၀င်ရန် မြန်မာကို အမေရိကန် ဖိတ်ခေါ်မည်
by -
မဇ္စျိမ

ကမ္ဘာတွင် အကြီးဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်သည့် ‘ရွှေမြွေဟောက်’ Cobra Gold တွင် မြန်မာပြည်အား အမေရိကန်က ဖိတ်ခေါ်သွားမည်ဟု သိရှိရသည်။

Cobra Gold စစ်ရေး လေ့ကျင့်မှုတွင် အမေရိကန်နှင့် ထိုင်းနိုင်ငံအပါဝင် အာရှ ခြောက်နိုင်ငံမှ အင်အား ၁ဝ,ဝဝဝ ကျော် ပါဝင်သည်။

“အလွန်ထူးခြားပါတယ်။ အရင်ကဆို ဒီစစ်ဆင်ရေးလုပ်တိုင်း မြန်မာနိုင်ငံအနေနဲ့ သူ့ကို ရန်စဖို့၊ ကျူးကျော်မှုလုပ်ဖို့ လေ့ကျင့်နေတယ် ထင်နေခဲ့တာ။ ဒီအတွက်လည်း အတော် စိတ်မသက်မသာ ဖြစ်ခဲ့ရတယ်လေ” ဟု စစ်ရေး လေ့လာသူ ဒေါက်တာ တင်မောင်မောင်သန်း အား ကိုးကား၍ Reuters တွင် ဖော်ပြထားသည်။

ယခုကဲ့သို ဖိတ်ခေါ်ခြင်းသည် မြန်မာ-အမေရိကန် ပြန်လည်ညှိနှိုင်းရေး ဖြစ်စဉ်အရ လူသားချင်း ကူညီပေးမှု
ခေါင်းစဉ်အောက်မှ စီစဉ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

နှစ်ပေါင်း ၅ဝ နီးပါး မြန်မာ-အမေရိကန်ဆက်ဆံရေး အေးစက်ခဲ့ပြီးနောက် ယခုမှ ပထမခြေလှမ်းအဖြစ် အမေရိကန်- မြန်မာ စစ်ဘက်ဆက်ဆံရေး ပြန်လည် အစပျိုးခြင်း ဖြစ်သည်။

လူအခွင့်အရေးကိစ္စနှင့် ကချင်ပြည်နယ်တွင် ၁၆ လကြာ KIA နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် ကာလတွင် ယခုကဲသို့ ဖိတ်ခေါ်ခြင်းကလည်း အငြင်းပွားဖွယ်ရာများ ရှိနေသည်။

ရွှေမြွေဟောက် တွင် ပါဝင်ခွင့်ရရန် မြန်မာက အမေရိကန်၏ တွဲဘက် စစ်ရေးလေ့ကျင့်ဖော် ထိုင်းနိုင်ငံမှ တဆင့် ဝါရှင်တန်သို့ ချဉ်းကပ်ခဲ့သည်။

အမေရိန်ကန် ပြည်ထောင်စု ပစိဖိတ်ကွပ်ကဲရေးဌာနချုပ် စစ်ဦးစီးချုပ် (USCINCPAC) က ဒီဇိုင်းရေးဆွဲသော Cobra Gold စစ်ရေးပူးပေါင်း လေ့ကျင့်မှု၏ ရည်ရွယ်ချက်မှာ ကျူးကျော်မှုများကို ဟန့်တားနိုင်ရန်၊ ငြိမ်းချမ်းရေးကိုမြှင့်တင်ရန်၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီကျသော အတွေးအခေါ်များကို အားပေးရန်နှင့် ရှောင်လွှဲ၍ မရသော ပဋိပက္ခဖြစ်လာပါက လိုအပ်လျှင် အမေရိကန်က ဝင်ရောက်ကူညီတိုက်ခိုက်ခြင်းကို ခွင့်ပြုရန် စသည့် ရည်ရွယ်ချက် များ ပါဝင်သည်။

ထို့ပြင် ရွှေမြွေဟောက်သည် လူသားချင်း စာနာထောက်ထားသော အကူအညီများ ထောက်ပံ့ ကူညီရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အဓိက ရည်ရွယ်၍ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

၁၉၈၂ ခုနှစ်မှစ၍ ရွှေမြွေဟောက် လေ့ကျင့်မှုများ စတင်ခဲ့ရာ ထိုင်းနိုင်ငံရှိ ရနောင်း (Ranong)၊ ရာရောင် (Rayong)၊ ဖူးခက်၊ ပတ်တရာ (Pattaya)၊ ကန်ချနဘူရီ၊ ချင်းရိုင် စသည့် နေရာများတွင် နှစ်အလိုက် ပြောင်းလဲ၍ လေ့ကျင့်ပြီး အများသောအားဖြင့် ဧပြီလနှင့် မေလများတွင် ကျင်းပလေ့ရှိသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်ဘက်မှ အမေရိကန်နိုင်ငံ လေတပ်၊ အမေရိကန် ရေတပ် ပစိဖိတ် ကွပ်ကဲရေး စစ်ဌာနချုပ် (MARFORPAC) နှင့် ပစိဖိတ် ရေတပ်အုပ်စု (PACFLT)၊ အမေရိကန် ကြည်းတပ် ပစိဖိတ် ကွပ်ကဲရေး ဌာနချုပ် (USARPAC)၊ အမေရိကန် လေတပ် ပစိဖိတ်ကွပ်ကဲရေး စစ်ဌာနချုပ် (PACAF) နှင့် ပစိဖိတ်ဒေသ အထူးစစ်ဆင်ရေး စစ်ဌာနချုပ် (SOCPAC) တို့မှ မရိန်းတပ်သား ဦးရေ တသောင်းကျော် ပါဝင်တတ်သည်။

မြန်မာနိုင်ငံကဲ့သို့ တတိယနိုင်ငံများအနေနှင့် Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်လေ့ကျင့်မည်ဆိုပါက ထိုသို့ မပါဝင်မီ စောင့်ကြည့်လေ့လာရေး အစီအစဉ်တွင် ဦးစွာပါဝင်ရမည်ဟု Cobra Gold စောင့်ကြည့် လေ့လာရေး အဖွဲ့ (COLT) က သတ်မှတ်ထားသည်။ စင်္ကာပူနိုင်ငံသည်လည်း Cobra Gold စစ်ရေးလေ့ကျင့် မှုကို နှစ်ပေါင်းများစွာ စောင့်ကြည့်လေ့လာခဲ့ပြီး ၂ဝဝဝ ခုနှစ်မှ စတင်ကာ ၎င်း၏ လက်နက်ကိုင်တက်ဖွဲ့များ လေ့ကျင့်မှုတွင် ပါဝင်ခွင့်လေ့ကျင့်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

Most read this week