အစိုးရတပ် လက်နက်ကြီး ပစ်ခတ်မှု KIA နှစ်ဦးနှင့် ရွာသား သုံးဦးသေ

အစိုးရတပ် လက်နက်ကြီး ပစ်ခတ်မှု KIA နှစ်ဦးနှင့် ရွာသား သုံးဦးသေ
by -
မဇ္စျိမ

ဖားကန့်မြို့ပေါ်ရှိ အစိုးရတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ရဲဘော် နှစ်ဦးအပါအဝင် ဒေသခံရွာသား သုံးဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရှိခဲ့သည်ဟု ဒေသတွင်း သတင်းများက ဆိုသည်။

အစိုးရ၏ ဖားကန့် အခြေစိုက် ဗျူဟာကုန်းနှင့် တမိုင်ကျော် ကွာဝေးသော KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့များရှိရာ မော်မောင်းဘွမ်သို့ ဗုဒ္ဓဟူးနေ့ ည ၉ နာရီမှ ၁၁ နာရီဝန်းကျင်ခန့်အထိ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ခခူးတူးခေါင်၊ စဂ နော်အောင်၊ မဂေါင် နော်ဆန့်၊ ကီလ တူးအောင်၊ ဂွမ်ယောင် တန်ဂွန်း တို့ သေဆုံးခဲ့ပြီး စက လဂျာ၊ ဇော်ခွမ်၊ ဘရန်အောင်၊ လယန် ဇော်ဆိုင်း၊ လဖိုင် ဇော်လတ်အောင်တို့ ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု ကက်သလစ် အသင်းတော်မှ ဓမ္မဆရာ နော်ဂျာက ပြောသည်။

“မနေ့က လက်နက်ကြီးနဲ့ မော်မောင်းဘွမ်ဘက် ပစ်လို့ ပြန်သွားတဲ့ ပြည်သူတွေ တော်တော်ထိခိုက်သွား တယ်။ အားလုံး ငါးဦး သေတယ်။ ကိုကီလ တူးအောင်က ဆယ်အိမ်မှူး ကျနော်တို့ ဒုက္ခသည်စခန်းကပဲ။ နယ်မြေ တည်ငြိမ်လာပြီဆိုပြီး ရွာကို ပြန်သွားတာ။ ခုလို ခဏပြန်တဲ့အချိန်မှာ သေဆုံးသွားတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

ထိုဒဏ်ရာရသူများထဲမှ တချို့မှာ အခြေအနေ စိုးရိမ်ရသဖြင့် မြစ်ကြီးနားဆေးရုံသို့ ပို့မည်ဟု ဆိုသည်။

KIA တပ်ရင်း ၆ မှ အရာရှိ တဦးကလည်း “ကျနော်တို့ဘက်က နှစ်ဦးသေတယ်။ သုံးဦး ဒဏ်ရာရတယ်။ သေတဲ့လူ တချို့က ခေါင်းပြတ်သွားတယ်။ တချို့ ပုခုံး ပြတ်သွားတယ်။ ကိုယ်တပိုင်း ဖြစ်သွားတဲ့ လူလည်း ပါတယ်။ ဝန်ထမ်းနှစ်ယောက်က တယောက်က ရင်ပတ်မှာ ကျည်ဆံ ထိသွားလို့ ပွဲချင်းပြီး သေသွားတယ်။ တယောက်က ဝမ်းပိုက်မှာ ထိသွာလို့ ပွဲချင်းပြီး သေသွားတယ်” ဟု မဇ္စျိမကို ပြောသည်။

ယင်းလက်နက်ကြီးများအား မကြာသေးမီကမှ ဖားကန့်ဗျူဟာကုန်းသို့ လာရောက်တပ်ဆင်ထား ကြောင်းသိရပြီး “ဘာလက်နက်ကြီးလဲ ဆိုတာတောင် သေသေချချာ မသိသေးဘူး။ အလုံး ၂၀ ကျော်လောက် ပစ်တယ်။ ကျနော်တို့ ပြန်ပစ်ဖို့က ဖားကန့် ဒေသခံတွေကို ထိမှာဆိုးလို့ ခက်နေတယ်။ ခုထိတော့ ကျနော်တို့ဘက်က ပစ်တာ မရှိသေးဘူး။ သူတို့က ကျနော်တို့ဘက် ထိုးစစ်ဆင်မယ်လို့ သတင်းတွေတော့ ထွက်နေတယ်” ဟု အဆိုပါအရာရှိက ပြောသည်။

ဖားကန့်မြို့နယ်အတွင်း တလခန့်ကြာ တိုက်ပွဲများ ငြိမ်သက်နေခဲ့ပြီးနောက် ယခုလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် လုံးခင်းကျေးရွာ အုပ်စုအတွင်း တိုက်ပွဲထပ်မံ ဖြစ်ပြီးခဲ့ပြီး ပြန်လည်ငြိမ်သက်နေခဲ့ရာမှ ယမန်နေ့ညက ထိုသို့ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူများ၏ ရုပ်အလောင်းများအား ကြာသပတေးနေ့ နံနက် ၉ နာရီချိန်တွင် မော်မောင်းဘွမ် နှစ်ခြင်းဘုရားကျောင်းတွင် ဝတ်ပြုဆုတောင်းမှု ပြုလုပ်၍ သင်္ဂြိုလ်လိုက်ပြီ ဖြစ်ကြောင်း ဓမ္မဆရာ ဂျာနော်က ပြောသည်။

ဖားကန့်မြို့ပေါ်တွင် ခိုလှုံနေထိုင်ကြသော စစ်ပြေး ဒုက္ခသည်များအနက် တချို့မှာ တိုက်ပွဲများငြိမ်သက်နေ၍အောက်တိုဘာလဆန်းက မိမိနေရပ်သို့ ပြန်သွားခဲ့သော်လည်း ယနေ့နံနက်ပိုင်းတွင် ဒုက္ခသည် ၁၀၀ ကျော်ပြန်လည် ရောက်ရှိလာသည်ဟု ဆရာနော်ဂျာ က ဆိုသည်။

သြဂုတ်လဆန်းပိုင်းမှစတင်၍ အစိုးရနှင့် KIA တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ဒေသခံ ရွာသား အနည်းဆုံး ရှစ်ဦးခန့် သေဆုံးခဲ့သည်ဟု သိရှိရပြီး တိုက်ပွဲများကြောင့် ဖားကန့်မြို့ပေါ်တွင် စစ်ပြေးဒုက္ခသည် ၈,၀၀၀ ကျော် ရှိကြောင်း သိရသည်။