Viber ကြောင့် ဖုန်းလိုင်းပိတ်မည့်ကိစ္စ မဟုတ်မှန်ဟု မြန်မာ့ဆက်သွယ်ရေးငြင်း

Viber ကြောင့် ဖုန်းလိုင်းပိတ်မည့်ကိစ္စ မဟုတ်မှန်ဟု မြန်မာ့ဆက်သွယ်ရေးငြင်း
by -
မဇ္စျိမ

မိုဘိုင်းဖုန်းများ မှတဆင့် အင်တာနက်ရှိသည့် နေရာတွင် အခမဲ့ ဖုန်းခေါ်ဆိုနိုင်သော Viber အသုံးပြုခြင်း ကြောင့် ဖုန်းလိုင်းများ ပိတ်သိမ်းသွားမည် မဟုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီ ယာချုပ် ဦးဌေးဝင်း က မဇ္စျိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားလိုက်သည်။

ပြည်တွင်း ဂျာနယ် တစောင်တွင် ဖော်ပြပါရှိခဲ့သော Viber သုံးခြင်းကြောင့် မိုဘိုင်းဖုန်းလိုင်းများ ပိတ်သိမ်းမည် ဆိုသည့် သတင်းကြောင့် Viber အသုံးပြုသူများ အကြား မကျေနပ်မှုများ ဖြစ်ပွားခဲ့ရသည်။

“Viber သုံးရင် ဖုန်းလိုင်း ဖြတ်မယ်လို့ ကျနော်တို့ တခါမှ မကြေညာဖူးပါဘူး။ ဒီဘက်က SIM ကတ်နဲ့ ဟိုဘက် (နိုင်ငံခြား)က SIM ကတ်ကို စက်တခုနဲ့ ချိတ်ပြီး နိုင်ငံခြားကနေ ခေါ်ရင် ဒီဘက်ကို local Call အနေနဲ့ ဝင်တယ်။ အဲဒါမျိုး နယ်စပ်တွေမှာ လုပ်နေတာ ရှိတယ်။ ဒါဆို ကျနော်တို့ နိုင်ငံခြား ဝင်ငွေ နစ်နာ ပါတယ်။ ကျနော်တို့ ဆိုလိုတာ အဲဒါမျိုးပါ။ ပြီးတော့ အင်တာနက်ကနေ VOIP သုံးပြီး ခေါ်တဲ့ Pfingo လိုမျိုး ရှိတယ်။ အဲဒါတွေ ပိတ်တယ်ဆိုတာ မှန်ပါတယ်။ Viber က ကျနော်တို့ ပိတ်တယ်ဆိုတာ တခါမှ မကြေညာဖူး ပါဘူး” ဟု ဦးဌေးဝင်း က မဇ္စျိမကို ပြောသည်။

ပြည်တွင်း မိုဘိုင်းဖုန်း အသုံးပြုသူများအနေဖြင့် အဆိုပါ Viber application ကို အသုံးများပြီး မိုဘိုင်းဖုန်းဆိုင်များတွင် လာရောက်ထည့်သွင်းမှုလည်း များကြောင်း မိုဘိုင်းဖုန်းဆိုင်များက ပြောသည်။

“ဆိုင်မှာ လာထည့်တာတွေ ရှိပါတယ်။ ပိတ်မယ် ဆိုတာ မဖြစ်နိုင်ပါဘူး။ တချို့ဆို Wifi အင်တာနက်နဲ့ သုံးတာ ရှိတယ်။ အင်တာနက်နဲ့ သုံးတာကို ပိတ်ဖို့ဆိုတာ မလွယ်ပါဘူး” ဟု ‘လူကြီးမင်း’ မိုဘိုင်းဆိုင်မှ အထွေထွေ မန်နေဂျာ ဦးကိုကိုအောင် ကလည်း သုံးသပ်သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် ယခင်က အွန်လိုင်းပေါ်မှ ဖုန်းခေါ်ဆိုခြင်း ဖြစ်သော pfingo ကဲ့သို့ အသုံးပြုမှု များကို ပိတ်ခဲ့ခြင်းမှာ အင်တာနက်ဆိုင်များ မှတဆင့် ဖုန်းခေါ်ဆိုမှု များသောကြောင့် ထိုဆိုင်များသို့ တရားဝင် အကြောင်းကြား ခဲ့ခြင်းဖြစ်သည်။

ယခုတွင်မူ လိုင်းပိတ်သည် ဆိုသည့် ဖုန်းများမှာ ပြည်ပနိုင်ငံများမှ လိုင်းများနှင့် ချိတ်ဆက်ပြီး ပြည်ပမှ ခေါ်ဆိုသည့် ဖုန်းများကို ပြည်တွင်းခေါ်ဆိုမှုအနေနှင့် ပြုလုပ်သည့် လိုင်းများကို ပိတ်သိမ်းမည်ဟု ပြောခြင်းဖြစ်ပြီး Viber ပါဝင်ခြင်း မရှိဟု သိရသည်။

Viber အသုံးပြုသူ အသက် ၂၈ နှစ် အရွယ်ရှိ ကုမ္မဏီဝန်ထမ်း မသိမ့်သိမ့် က “Viber ကို ပိတ်မယ် ဆိုရင်တော့ သုံးတဲ့ သူ တယောက်အနေနဲ့ မကြိုက်ပါဘူး။ သုံးရတာ သူက အဆင်ပြေတယ်လေ။ အင်တာနက် ရှိနေရင် နိုင်ငံခြားကို ဖုန်းခေါ်တာ အခမဲ့ ဖြစ်တယ်။ ကိုယ့်ဖုန်း အင်တာနက်က သုံးရင်လည်း တမိနစ်မှ နှစ်ကျပ်လောက်ပဲ ကျတယ်။ သူက ဖုန်းသုံးရင်းနဲ့ ဓါတ်ပုံတွေ ဘာတွေ ပို့ချင်တယ်ဆိုလည်း အီးမေးလ် သုံးစရာ မလိုဘဲ Viber က ပို့လို့ရတယ်။ သုံးရတာ အဆင်ပြေတယ်” ဟု ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းများ အရစ်ကျ ပေးချေသည့် စနစ်ဖြင့် ရောင်းချသည့် သဘောတူ စာချုပ်တွင် တယ်လီဖုန်းအရစ်ကျ သုံးစွဲသူမှ အရစ်အလိုက် လစဉ်ပေးသွင်းရမည့် ငွေအား ပေးသွင်းခြင်း မပြုပါကလည်းကောင်း၊ သုံးစွဲနေစဉ်အတွင်း ပြည်ပနိုင်ငံများနှင့် တရားမဝင် ခေါ်ဆိုမှုများအတွက် သံသယဖြစ် ဖွယ် စစ်ဆေး တွေ့ရှိရပါက လည်းကောင်း လိုင်းဖြတ်တောက်မည်ဟု ပါရှိသည်။

ထိုသို့ မိုဘိုင်းဖုန်းများ အရစ်ကျ ရောင်းချပေးခြင်းကို ကျေးလက်ဒေသများတွင် အောက်တိုဘာလအတွင်း စတင် ရောင်းချပေးနေခြင်း ဖြစ်သည်။