ကော့သောင်း ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံအား ဆန္ဒပြ

ကော့သောင်း ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံအား ဆန္ဒပြ
by -
မဇ္စျိမ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ လူနေအိမ်များအနီး တည်ဆောက်ထားသည့် ကျောက်မီးသွေးသုံး လျှပ်စစ် ဓါတ်အားပေးစက်ရုံကို ဖျက်သိမ်းပေးရန် (သို့) အစားထိုး လောင်စာဆီဖြင့် လည်ပတ်ပေးရန်အတွက် ဒေသခံများက အင်္ဂါနေ့တွင် ပထမဆုံးအကြိမ်အဖြစ် စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြခွင့်ရရန် သြဂုတ်လအတွင်းက မြို့နယ်နှင့် တိုင်းသို့ အဆင့်ဆင့် တင်ပြခဲ့သော်လည်း လူဦးရေ များပြားခြင်းနှင့် စီတန်းလှည့်လည်ချိန် ကြာမြင့်၍ ခွင့်ပြုမိန့် မရခဲ့သော်လည်း လူဦးရေနှင့် စီတန်းလှည့်လည်ချိန် လျှော့ချကာ ထပ်မံ တင်ပြပြီးနောက် အောက်တိုဘာလ ၁၃ ရက်နေ့တွင် လူဦးရေ ၅ဝ၊ အချိန် ၃ နာရီ ဝန်းကျင်ခန့်ဖြင့် ခွင့်ပြုမိန့် ရခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြသူများက “ကျောက်မီးသွေး အလိုမရှိ”၊ “အဆိပ်ရှိ မိုးတိမ်များ အလိုမရှိ”၊ “အန္တရာယ်ကို ခေါင်းပေါ် မရွက်ကြပါ နဲ့” စသည့် ပိုစတာ စာသား ၁၇ မျိုးကို ကိုင်ဆောင်ထားကြပြီး “ကျောက်မီးသွေးစက်ရုံ လုံးဝ (လုံးဝ) ဖျက်သိမ်းပေးရေး” ကြွေးကြော်သံများဖြင့် မြို့ပေါ် ၁ဝ ရပ်ကွက်အတွင်း စီတန်းလှည့်လည်ခဲ့ ကြသည်။

“ကျနော်တို့က လူလည်း နည်းတယ်။ ရဲတွေကလည်း လုံခြံုရေး ပေးတယ်။ ဘာမှ အနှောင့်အယှက် မရှိပါဘူး။ ချောချောမောမောပါပဲ” ဟု ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူ ကော့သောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ကိုသန်းထွန်း က ပြောသည်။

ဆန္ဒပြရာလမ်းတလျှောက်တွင် ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင် အင်အား ၂ဝ က လုံခြံုရေးအတွက် လိုက်ပါ
စောင့်ရှောက်ပေးခဲ့သည်ဟုလည်း ကော့သောင်း မြို့မရဲစခန်းက အတည်ပြု ပြောကြားသည်။

ဆန္ဒမပြမီ တနင်္လာနေ့ ညပိုင်းတွင် ကော့သောင်းမြို့ပေါ်၌ ကျောက်မီးသွေးသုံး စက်ရုံအပေါ် ထောက်ခံသည့် စာများ လိုက်လံကပ်ထား သည်ကို တွေ့ခဲ့ပြီး တာဝန်ရှိ ရဲများဝန်ထမ်းများက လိုက်လံဖယ်ရှားခဲ့ခြင်းမှ အပ အခြား အနှောင့်အယှက်များ မရှိဟုလည်း ဆိုသည်။

ဆန္ဒပြရာတွင် ပါဝင်သူတဦးက “စက်ရုံက ကျမတို့ ရပ်ကွက်မှာ ရှိတယ်။ ဆိုးကျိုးကို ကြားသိရတော့ ကျမတို့အတွက် စိတ်အနှောင့်အယှက် ဖြစ်တယ်။ ဒါ့ကြောင့် ဒီလို ဆန္ဒပြဖို့ ဖြစ်လာတာ” ဟု ပြောသည်။

ဆန္ဒပြလိုသူ အများအပြား ရှိသော်လည်း လူဦးရေ ကန့်သတ်ထားသည့်အတွက် အခြားသူများ ဆန္ဒပြရာတွင် ပါဝင်နိုင်ခြင်း မရှိဟုလည်း ၎င်းက ပြောသည်။

ရွှေပြည်သာနှင့် အေးရိပ်ငြိမ် ရပ်ကွက်ကြားရှိ သန်းဖြိုးသူ ကုမ္ပဏီ လိမိတက်ပိုင် စက်ရုံသည် လူနေအိမ်နှင့်
ပေအနည်းငယ် သာ ကွာဝေးပြီး သောက်သုံးရေအဖြစ် အားထားနေရသည့် ယင်းဝါ ရေလှောင်တမံနှင့် မိုင်ဝက်ခန့် သာ ကွာဝေးသည့်အတွက် ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်ဟု ဆန္ဒပြသူများက ဆိုသည်။

၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာလကပင် စက်ရုံဆောက်လုပ်ခြင်း ရပ်တန့်ပေးရန် ကန့်ကွက်ခဲ့ပြီး သမ္မတထံသို့လည်း အကြိမ်ကြိမ် အသနားခံ တင်ပြခဲ့ကြသော်လည်း ထူးခြားမှု မရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

စက်ရုံ တာဝန်ရှိသူများဘက်ကမူ စက်ရုံကို ကောင်းမွန်သည့် တရုတ်နည်းပညာဖြင့် လည်ပတ်မည် ဖြစ်သည့်အတွက် ပတ်ဝန်းကျင် ထိခိုက်မှု မရှိနိုင်ကြောင်း ပြောဆိုခဲ့ပြီး လည်ပတ်ရန် ပြင်ဆင်နေဆဲ ဖြစ်သည်။

ကုမ္ပဏီက မြို့ပေါ် ၁ဝ ရပ်ကွက်သို့ တယူနစ်လျှင် ကျပ် ၂ဝဝ နှုန်းဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဝေမည် ဖြစ်ပြီး စတင် လည်ပတ်ပါက ယူနစ် ၁၅ဝ ကို အခမဲ့ ပေးဝေမည်ဟု ကြေညာထားသည်။ ဒေသခံမျာကမူ လက်ရှိ သုံးစွဲနေရသည့် လျှပ်စစ်ဓါတ်အား နှုန်းထားထက် များစွာ သက်သာသည့်အတွက် လိုလားကြသော်လည်း အန္တရာယ် ကင်းသည့် လျှပ်စစ်ဓါတ်အားကိုသာ လိုချင်ကြကြောင်း ပြောသည်။

လက်ရှိ ကော့သောင်းမြို့တွင် ဖိုးသီးချို (P.T.C ) မီးလင်းရေးမှ တယူနစ်လျှင် ၆ဝဝ ကျပ်ကျော် နှုန်းဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဝေလျက် ရှိသည်။

တနင်္သာရီတိုင်းအတွင်း ထားဝယ်တွင် မဂ္ဂါဝပ် ၄,ဝဝဝ ထုတ်၊ မြိတ်တွင် ၅၀ မဂ္ဂါဝပ်နှင့် ကော့သောင်းတွင် ၈ မဂ္ဂါ၀ပ် ထုတ်လုပ်သည့် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ သုံးခု ရှိခဲ့ရာ ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ထားဝယ် ကျောက်မီးသွေးသုံး စက်ရုံကို ရပ်ဆိုင်းပေးမည်ဟု ဇန်နဝါရီ လဆန်းပိုင်းက အစိုးရမှ ကြေညာခဲ့ရသည်။

ကျန်စက်ရုံ နှစ်ခုမှာလည်း ကန့်ကွက်မှုများနှင့် ကြုံနေရဆဲ ဖြစ်ပြီး မြိတ်မြို့၏ အရှေ့ဘက် ၁၇ မိုင်အကွာ လော့လော့
ကျေးရွာ အနီးရှိ ၅ဝ မဂ္ဂါဝပ် ထုတ်လွှတ်မည့် ကျောက်မီးသွေးသုံး စက်ရုံ ဆောက်လုပ်မည့် စီမံကိန်းကိုလည်း ဖျက်သိမ်းပေးရန် ဒေသခံများက သမ္မတထံ နှစ်ကြိမ်တိုင် အသနားခံစာ တင်ပြခဲ့ပြီး ဖြစ်သည်။

ပအိုးဝ် လူငယ်များ အစည်းအရုံးမှ ၂ဝ၁၁ ခုနှစ်တွင် ထုတ်ပြန်သည့် ‘အဆိပ်သင့် တိမ်များ’ အစီရင်ခံစာအရ
မြန်မာနိုင်ငံတွင် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ ခုနှစ်ရုံ ရှိသည့်အနက် မဂ္ဂါဝပ် ၁၂ဝ ထုတ် တီကျစ်နှင့် မဂ္ဂါဝပ် ၃၆၉ ထုတ် မိုင်းခုတ် ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေး စက်ရုံများမှာ လည်ပတ် လျက်ရှိပြီး ကျန် ငါးရုံမှာ လျာထားအဆင့်တွင် ရှိကြောင်း သိရသည်။

Most read this week