ကလေးမြို့တွင် နိုင်ငံသားမဟုတ်သူ ၁၆ ဦး ဖမ်းမိ

ကလေးမြို့တွင် နိုင်ငံသားမဟုတ်သူ ၁၆ ဦး ဖမ်းမိ
by -
မဇ္ဈိမ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် တရားမဝင် ခိုးဝင်လာသူဟု ယူဆရသူ ၁၆ ဦးကို တနင်္ဂနွေနေ့ကဖမ်းဆီးရမိ ထားကြောင်း ကလေးခရိုင် အမှတ် ၁ ရဲစခန်း တာဝန်ကျ ရဲဝန်ထမ်းများ၏ ပြောပြချက်အရ သိရှိရသည်။

ဗမာစကား ပြောဆိုတတ်သူ အနည်းအကျဉ်းသား ပါဝင်သည့် အဆိုပါ ၁၆ ဦးမှာ မည်သည့် နိုင်ငံသားများ ဖြစ်ကြသည် ကိုမူ လူဝင်မှုကြီးကြပ်ရေးဌာနမှ စစ်ဆေးဆဲ ဖြစ်သော်လည်း အမှတ် ၁ ရဲစခန်းမှ ရဲအရာရှိ တဦးကမူ ဘင်္ဂါလီ လူမျိုးများဖြစ်ကြသည်ဟု ဆိုသည်။

“သူတို့ ဘင်္ဂါလားဒေ့ချ်ကို သွားမယ်လို့ ကျနော် သိရတယ်။ အခုတော့ ကျနော်တို့ဆီမှာ လဝက တို့ ဘာတို့ စစ်နေတုန်းလေ” ဟု မဇ္စျိမကို ပြောသည်။

မည်သည့် နိုင်ငံက ထွက်ခွာလာပြီး မည်သည့်နိုင်ငံသို့ ဦးတည်သွားလာရန်ရှိကြောင်း အသေးစိတ်မသိရှိရ သေးကြောင်း တာဝန်ရှိ လူဝင်မှုကြီးကြပ်ရေး (လဝက) အရာရှိတဦးကလည်း အတည်ပြု ပြောဆိုသည်။

“ကျနော်တို့ စစ်ဆေးတုန်း ရှိပါသေးတယ်ခင်ဗျ။ လူက များတဲ့ အခါကျတော့၊ တချို့ ဗမာစကားအနည်း အကျဉ်းတတ် တဲ့သူရှိတယ်။ စစ်နေတုန်းမို့ အဲဒါတွေ အသေးစိတ် မပေါ်သေးဘူး” ဟု ပြောကြား သွားသည်။ 

၎င်းတို့အား တရားဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဟု တာဝန်ရှိသူများက မဇ္စျိမကို ပြောကြား သည်။

အိန္ဒိယနိုင်ငံနှင့် နယ်စပ်ဒေသရှိ စီးပွားရေးမြို့တမြို့ဖြစ်သည့် ကလေးမြို့နှင့် တမူးမြို့ ဒေသများတွင် ထိုကဲ့သို့ နိုင်ငံသား အထောက်အထားမရှိသူများအား မကြာခဏ ဖမ်းဆီးရမိလေ့ရှိကြောင်းလည်း သိရှိရသည်။

Most read this week