ရှမ်းတိုင်းရင်းသားများ ညီလာခံ SNLD စီစဉ်နေ

ရှမ်းတိုင်းရင်းသားများ ညီလာခံ SNLD စီစဉ်နေ
by -
မဇ္ဈိမ

ရှမ်းတိုင်းရင်းသား အဖွဲ့အစည်းများ ပါဝင်မည့် ညီလာခံတခုကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချူပ် (SNLD) က ဦးဆောင်ပြီး နိုဝင်ဘာလအတွင်း ကျင်းပနိုင်ရန် စီစဉ်နေကြောင်း ဥက္ကဋ္ဌ ခွန်ထွန်းဦး က ပြောသည်။

“ဦးသိန်းစိန်က ကျနော့်ကို ခေါ်တွေ့တုန်းက ဝိုင်းဝန်း လုပ်ဆောင်ကြပါ ဆိုတဲ့အတွက် ဝိုင်းဝန်း လုပ်ဆောင်ကြတဲ့ သဘောပါပဲ” ဟု မဇ္စျိမကို ပြောသည်။

ဇူလိုင်လ နှောင်းပိုင်းတွင် သမ္မတ ဦးသိန်းစိန်က ခွန်ထွန်းဦးကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ပြည်တွင်း ငြိမ်းချမ်းရေး ရေရှည် တည်တံ့ရန်နှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသား ခေါင်းဆောင် တဦးအနေနှင့် ဝိုင်းဝန်း လုပ်ဆောင်ပါရန် တိုက်တွန်းခဲ့သည်။

အဆိုပါ ညီလာခံသို့ ရှမ်းမျိုးနွယ်စုဝင် ပြည်တွင်း နိုင်ငံရေး ပါတီများ၊ လက်နက်ကိုင် အဖွဲ့များ၊ NGO အဖွဲ့အစည်းနှင့် စာပေယဉ်ကျေးမှု စသည့် အဖွဲ့ ၉ ဖွဲ့ကို ဖိတ်ကြားကာ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အဓိကထား ဆွေးနွေးကြမည်ဟု ဆိုသည်။

“ရှမ်းပြည်ဘက်မှာ အခုပဲ လက်မှတ်ထိုး၊ အခုပဲ ပစ်ကြ ခတ်ကြ လုပ်နေကြတယ်။ ဖြစ်လိုက် ပျက်လိုက် ဖြစ်နေတဲ့ အပစ်အခတ် ရပ်စဲရေးကို ဆွေးနွေးပြီး ဆန်းစစ်သွားမယ်” ဟု နှစ်ရှည် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးခွန်ထွန်းဦး က ဆိုသည်။

အစိုးရနှင့် တိုင်းရင်းသားများကြား ပဋိပက္ခ ဖြေရှင်းရာတွင် ငြိမ်းချမ်းရေးကိစ္စသည် အဓိက မဟုတ်ဘဲ ယုံကြည်မှု တည်ဆောက်ရေးသည်သာ အဓိက ဖြစ်သည့်အတွက် တိုင်းရင်းသားများ၏ လိုအင်ဆန္ဒ ဖြစ်သည့် ဖက်ဒရယ်ပြည်ထောင်စုကိစ္စများကိုလည်း ဆွေးနွေးသွားမည်ဟု ၎င်းက ပြောသည်။

“ကျနော်တို့ တိုင်းရင်းသားတွေ အားလုံးက ဖက်ဒရယ် ပြည်ထောင်စုကို ဦးတည်ပြီး သွားကြတာပဲလေ။ အဓိကတော့ ပင်လုံစိတ်ဓါတ်နဲ့ သွားတဲ့ အခြေခံဥပဒေမျိုးကို ပြန်ဆွဲရမှာပေါ့။ ယုံကြည်မှု တည်ဆောက်လို့ ရအောင် ကျနော်တို့က ခေါင်းခံပြီး လုပ်ပေးနေတာပါ” ဟု ပြောသည်။

လက်ရှိတွင် တိုင်းရင်းသား နိုင်ငံရေးပါတီများဖြင့် ဖွဲ့စည်းခဲ့သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA နှင့် လက်နက်ကိုင် တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ UNFC တို့သည်လည်း တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်သည့် အဖွဲ့များ ဖြစ်ကြသည်။

ထို့ပြင် ၂ဝ၁၃-၁၄ သန်းခေါင်စာရင်း ကောက်ယူရာ၌ မှန်ကန်စွာ ကောက်ယူနိုင်ရန်နှင့် နိုင်ငံမဲ့ ပြဿနာများ ဖြစ်ပေါ် မလာစေရန်အတွက် ကြိုတင်လုပ်ဆောင်သည့်အနေနှင့် ညီလာခံတွင် ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်သည်။

ညီလာခံအတွက် ကော်မတီ ဖွဲ့စည်းသည့် အဆင့်သာ ရှိသေးသည့်အတွက် ကျင်းပမည့် ရက်၊ နေရာ အတိအကျကို မသိရှိရသေးပေ။

လက်ရှိ အစိုးရအနေနှင့် ယခင် အုပ်ချုပ်ခဲ့သည့် နှစ် ၅ဝ ကာလမှ အတွေ့အကြုံများကို သင်ခန်းစာယူပြီး အတွေးအခေါ်နှင့် လုပ်နည်းလုပ်ဟန်များ ပြုပြင်ရန် လိုအပ်ကြောင်းလည်း ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲကို ဦးခွန်ထွန်းဦး က ထောက်ပြပြောဆိုသည်။

‘ရှမ်းပြည် အတိုင်ပင်ခံ ကောင်စီ’ ဖွဲ့စည်းမှုကြောင့် နိုင်ငံတော် သစ္စာဖောက်ဟု ဆိုကာ ၂ဝဝ၅ ခုနှစ်၊ ဖေဖော်ဝါရီလက ဦးခွန်ထွန်းဦး အပါအဝင် ခေါင်းဆောင် ကိုးဦးကို ဖမ်းဆီးပြီး ရှစ်ဦးကို ထောင်ဒဏ် နှစ် ရဝ ကျော်မှ ၁ဝဝ ကျော်အထိ ချမှတ်ကာ တဦးကို အစိုးရ သက်သေအဖြစ် လွှတ်ပေးခဲ့သည်။ ထိုအထဲမှ တဦးမှာ ထောင်တွင်းမှာပင် ကွယ်လွန် သွားခဲ့ရသည်။

ရှမ်းပြည် အတိုင်ပင်ခံ ကောင်စီသည်လည်း အစိုးရ စေခိုင်းမှုကြောင့်သာ လုပ်ခဲ့ရသည်ဟု ဦးခွန်ထွန်းဦးက ဆိုသည်။

“အရင်ကလည်း ဦးခင်ညွန့် က ခိုင်းလို့ လုပ်ပေးတာပဲ။ အခုလည်း ဦးသိန်းစိန် က ခိုင်းလို့ လုပ်ပေးတဲ့ သဘောပဲ။ ဘာဖြစ်လာဦးမလဲတော့ မသိသေးဘူး” ဟု ရယ်မောကာ ပြောဆိုသွားသည်။

SNLD သည်  ၁၉၉ဝ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၂၃ နေရာ အနိုင်ရရှိခဲ့ပြီး ရှမ်းပြည်နယ်အတွင်း မဲအများဆုံး ရရှိခဲ့ကာ တနိုင်ငံလုံး၌ ဒုတိယ မဲအများဆုံး အနိုင်ရခဲ့သည့် ပါတီကြီး ဖြစ်ခဲ့သည်။

၂ဝဝ၃ ခုနှစ်က စတင်ခဲ့သည့် အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့သော်လည်း တိုင်းရင်းသား တန်းတူရေးကို ဖွဲ့စည်းပုံတွင် ထည့်သွင်းထားခြင်း မရှိ၍ ၂ဝဝ၄ ခုနှစ်တွင် ညီလာခံမှ သပိတ်မှောက် ထွက်ခွာခဲ့သည်။

၂ဝဝ၈ ဖွဲ့စည်းပုံကို လက်မခံ၍ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ပြန်လည်မှတ်ပုံတင်ခြင်း မပြုသည့်အတွက် ဖျက်သိမ်း ခံရပြီး ၂ဝ၁၂ ခုတွင် ဖမ်းဆီးခံထားရသည့် ခေါင်းဆောင်များ ပြန်လွတ်လာပြီးနောက် ဇွန်လ ၁၂ ရက်နေ့တွင် ပါတီပြန်လည်မှတ်ပုံတင်နိုင်ခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာလ ရှမ်းတိုင်းရင်းသားများ ညီလာခံပြီးနောက်တွင် ရှမ်းမျိုးနွယ်စုဝင်များ အားလုံး ပါဝင်သည့် ညီလာခံတရပ် ကိုလည်း ဆက်လက်ကျင်းပသွားရန် ရှိကြောင်းလည်း သိရှိရသည်။

ရှမ်းမျိုးနွယ်စုဝင်များတွင် ပအိုးဝ်၊ ပလောင်၊ လားဟူ၊ ကိုးကန့်၊ တောင်ရိုး၊ မော်ရှမ်း၊ ရှမ်းကြီး၊ မိုင်းသာ၊ ရှမ်းကလေး စသည်တို့အပါအဝင် ၃၃ မျိုးရှိသည်။

Most read this week