သံရုံးရှေ့ဆန္ဒပြသူများအနက် မရမာကြီးအဖွဲ့ကို မြို့နယ်မှူး ခေါ်တွေ့

သံရုံးရှေ့ဆန္ဒပြသူများအနက် မရမာကြီးအဖွဲ့ကို မြို့နယ်မှူး ခေါ်တွေ့
by -
မဇ္ဈိမ

ရန်ကုန်မြို့ ဘင်္ဂလားဒေရှ့် သံရုံးရှေ့တွင် အောက်တိုဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲအတွင်း ပါဝင်ခဲ့သူများအနက် မရမာကြီး လူမျိုးများအဖွဲ့ကိုသာ ကမာရွတ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင် က ခေါ်ယူတွေ့ဆုံကာ ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဗုဒ္ဓသာသနိက အဆောက်အအုံများ မီးရှို့ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးရှေ့တွင် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့ နေ့လည် ၁ နာရီက ဆန္ဒပြပွဲတခု ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္စျိမ)

“ဆန္ဒပြတဲ့သူတွေ အများကြီးထဲက ကျနော်တို့ကိုပဲ ခေါ်တာလားလို့ မေးတော့ မြို့နယ်မှူးက ညီလေးတို့ပုံစံက ညှိနှိုင်း လို့ ရမယ်ထင်လို့ ခေါ်တာပါ။ သဘောထား အရမ်းတင်းမာတဲ့ အဖွဲ့တွေကိုတော့ မညှိပါဘူး။ ညီလေးတို့က ဘင်္ဂလားဒေရှ့် သံရုံးရှေ့တင် လှည့်ပြန်သွားတော့ ရည်ရွယ်ချက် ကောင်းလောက်ပါတယ်ဆိုပြီး ခေါ်တွေ့တာပါလို့ ပြောတယ်” ဟု ခေါ်ယူတွေ့ဆုံခြင်း ခံရသော မရမာကြီးအဖွဲ့ ပြောခွင့်ရတဦးက ပြောသည်။

ကမာရွတ်စခန်းမှူး ရဲအုပ် အောင်မော် ကလည်း “ကျနော်တို့က သူတို့ကို နည်းဥပဒေတွေနဲ့ ပတ်သက်ပြီး ခေါ်ရှင်း ပြတာပါ။ တခြားသူတွေကို ဘာလို့ ခေါ်မစစ်တာလဲ ဆိုတော့ သံရုံးရှေ့မှာ သူတို့ကို တွေ့လို့ပါ” ဟု ဆိုသည်။

အောက်တိုဘာလ ၉ ရက်နေ့တွင် ဘုရင့်နောင် စခန်းမှူးနှင့် ကမာရွတ်မြို့နယ်စခန်းမှူးတို့က မြို့နယ်မှူးနှင့် တွေ့ရန် ဆင့်ခေါ်၍ မရမာကြီးအဖွဲ့ ဥက္ကဋ္ဌ ဦးလှထွန်း ဦးဆောင်၍ ကမာရွတ် ရဲစခန်းသို့  သွားရောက်တွေ့ ဆုံခဲ့ခြင်း ဖြစ်သည်။ ဆန္ဒဖော် ထုတ်ရာတွင် တာဝန်ယူ ခေါ်ဆောင်ခဲ့သော လူ ၅ဝ အတွက် နောင်တွင် ခွင့်ပြုချက်ရမှ ဆန္ဒဖော်ထုတ်မှု ပြုလုပ် ပါမည်ဆိုသော ကတိခံဝန်ချက်ကို ဦးလှထွန်းက လက်မှတ်ထိုး ခဲ့ရသည်ဟု သိရှိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းရှိ ဗုဒ္ဓသာသနိက အဆောက်အအုံများကို မီးရှိူ့ဖျက်ဆီးခဲ့သော ဖြစ်ရပ်အတွက် ရန်ကုန် မြို့ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် မရမာကြီး လူမျိုးများ အဖွဲ့၊ ရခို်င်အမျိုးသား ကွန်ယက်၊ ရခိုင့်ဂုဏ်ရောင် အဖွဲ့၊ လေးဝတီ ငြိမ်းချမ်းရေး လူငယ်များအဖွဲ့ စသည့် အဖွဲ့ပေါင်း ခုနှစ်ဖွဲ့ခန့်က ဦးဆောင်၍ အောက်တိုဘာလ ၈ ရက်နေ့က ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

မရမာကြီး လူမျိုးများအဖွဲ့ လုပ်ဆောင်ခဲ့သော လုပ်ရပ်(ဆန္ဒပြပွဲ)တွင် ရည်ရွယ်ချက် ကောင်းမွန်သော်လည်း သက်ဆိုင်ရာ ခွင့်ပြုချက် မရပါက ဥပဒေနှင့် ငြိစွန်းမည် ဖြစ်သောကြောင့် ထိုကဲ့သို့ ထပ်မံ မပြုလုပ်သင့်ကြောင်း မြို့နယ်မှူးက ပြောခဲ့သည်ဟု ဥက္ကဋ္ဌ ဦးလှထွန်း က ဆိုသည်။

မရမာကြီးများအဖွဲ့မှာ သံရုံးရှေ့တွင် ဆန္ဒပြပြီးနောက် ပြန်သွားခဲ့သော်လည်း ကျန် လူပုဂ္ဂိုလ်များနှင့် သံဃာတော်များ မှာ အမေရိကန်သံရုံးသို့ သွားရောက်ကာ လစ်ဗျားနိုင်ငံ သံရုံးတွင် အကြမ်းဖက်များကြောင့် သေဆုံးသွားသော အမေရိကန်သံရုံး ဝန်ထမ်းများ အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပန်းစည်းကို သွားရောက်ပေးပို့ခဲ့ကြသည်။

မရမာကြီး လူမျိုးများသည် ရခိုင်မျိုးနွယ်စုဝင် တိုင်းရင်းသားများဖြစ်ပြီး ဘင်္ဂလားဒေရှ့် နိုင်ငံတွင်လည်း အများအပြား နေထိုင်ကြရာ စက်တင်ဘာလ  ၂၉-၃ဝ ရက်နေ့များက ဖြစ်ပွားခဲ့သော ကော့ဘဇားခရိုင်ရှိ ဗုဒ္ဓသာသနိက အဆောက် အအုံများအား မူဆလင် လူအုပ်များက အကြမ်းဖက် တိုက်ခိုက်မှုတွင် ဗုဒ္ဓဘာသာဝင် မရမာကြီး (ဘရူဝါ) လူမျိုးများ ကိုလည်း စိုးရိမ်ထိတ်လန့်စေခဲ့ရသည်။

ထို့ကြောင့် ပထမဆုံး အကြိမ်အဖြစ် ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

“ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ကျနော်တို့ရဲ့ လူနည်းစု ဗုဒ္ဒဘာသာတွေကို အဲဒီနိုင်ငံကနေ တတ်နိုင်သလောက် ကာကွယ်ပေးချင်တဲ့ သဘောပါပဲ” ဟု တနင်္လာနေ့ ဆန္ဒပြပွဲတွင် ပါဝင်သည့် မာရမာကြီး လူမျိုးများအဖွဲ့မှ ခေါင်းဆောင်တဦးကပြောဆိုသွားသည်။

Most read this week