KNU စစ်ဦးစီးချုပ် သတင်းစာရှင်းလင်းပွဲ အစီအစဉ် ဖျက်သိမ်း

KNU စစ်ဦးစီးချုပ် သတင်းစာရှင်းလင်းပွဲ အစီအစဉ် ဖျက်သိမ်း
by -
မဇ္ဈိမ

ကရင် အမျိုးသား အစည်းအရုံး KNU မှ ထိပ်တန်းခေါင်းဆောင် သုံးဦး ထုတ်ပယ်ခြင်း၊ ဘားအံမြို့တွင် ဗဟိုအဆင့် ဆက်ဆံရေးရုံး ဖွင့်လှစ်ခြင်း ကိစ္စတို့နှင့် ပတ်သက်၍ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်မည့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရန် စီစဉ်ထားမှု ပြန်လည် ဖျက်သိမ်း လိုက်ကြောင်း သိရသည်။

သတင်းစာရှှု်းလင်းပွဲအား ထိုင်းမြန်မာ နယ်စပ် မြဝတီမြို့တွင် အောက်တိုဘာလ ၁၃ ရက်နေ့၌ ပြုလုပ်ရန် စီစဉ်ထားခဲ့သော်လည်း “ကျနော်တို့ ဗဟိုကော်မတီတွေ ပြန်လည်ညှိနှိုင်းကြတော့ ပြေလည်မှု ပြန်လည် ရရှိပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ အစီအစဉ်ကို ဖျက်လိုက်တယ်” ဟု ဘားအံခရိုင် ဥက္ကဋ္ဌ ပဒို အောမော်အေးက မဇ္စျိမကို ပြောသည်။

လက်ရှိ KNU အဖွဲ့အတွင်း ဖြစ်ပေါ်နေသည့် လိပ်ခဲတည်းတည်း ပြဿနာများနှင့် ပတ်သက်၍ ယခုလအတွင်း ဗဟိုကော်မီတီ အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူကာ ဆုံးဖြတ် လုပ်ဆောင်ကြရန် ရှိကြောင်းနှင့် ၎င်းမှတဆင့် ကွန်ဂရက် အထိပြန်လည် ဆွေးနွေးကြမည် ဖြစ်ပြီး သည့်နောက်မှ သတင်းစာ ရှင်းလင်းပွဲ ထပ်မံ ပြုလုပ်ရန် လျာထားကြောင်း သိရှိရသည်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာခင်၊ တွဲဖက် အတွင်းရေးမှူး (၂) လည်းဖြစ် ဗဟို တရားရေးဌာန တာဝန်ခံ ဗဒိုဒေးဗစ်ထော တို့အား ထုတ်ပယ်လိုက်သည့် ကိစ္စနှင့် စပ်လျဉ်း၍ ဆက်တိုက် ဖြစ်ပေါ် လာသည့် ပြဿနာများကို သင်ပုန်းချေကြကာ ပြန်လည် ညီညွတ်ရေးအပေါ် ဦးတည် လုပ်ဆောင်ကြရန်လည်း အောက်တိုဘာလ ၉ ရက်နေ့က မဲဆောက် နေအိမ်၌ ဆွေးနွေးပွဲ တခု ပြုလုပ်ခဲ့စဉ် မူတူးစေးဖိုး က ပြောကြားခဲ့သည်။

အဆိုပါ အင်္ဂါနေ့ ဆွေးနွေးပွဲသို့ တပ်မဟာ ၁၊ ၄၊ ၃၊ ၆၊ ရ မှ တပ်မဟာမှူးများနှင့် သထုံခရိုင်၊ ဘိတ်/ထားဝယ်ခရိုင်၊ မော်လမြိုင်ခရိုင် (ဒူးပလာယာ)၊ ဘားအံခရိုင်မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ စုစုပေါင်း ၃ဝ နီးပါးခန့် တက်ရောက်ခဲ့ကြ ကြောင်း သိရှိရသည်။

ထို့ပြင် ပြည်တွင်း ပြည်ပမှ ကရင်အဖွဲ့အစည်းများ၊ ကရင်လူမျိုးများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ၊ မဟာမိတ် အဖွဲ့အစည်းများကလည်း KNU အတွင်း သွေးကွဲမှု မရှိဘဲ ပြန်လည် ညီညွတ်ကြရန် စာဖြင့်လည်းကောင်း တယ်လီဖုန်းဖြင့် လည်းကောင်း ဆက်သွယ်၍ အားပေးခဲ့မှုများ ရှိခဲ့သည်။

“ကွဲစေချင်လားလို့ မေးလာရင် ဘယ်သူမှ မကွဲ စေချင်ဘူး။ ညီညွှတ် စေချင်လားလို့ မေးရင် ညီညွတ်စေချင်တယ်လို့ပဲ ပြောရမယ်လေ။ ကျနော်တို့ KNU ကြီးကို မကွဲစေချင်ဘူး။ တောင်ကလေး ဆရာတော် ဦးပညာသာမိတို့၊ ကျမ်းစာ ကျောင်းအုပ် ဒေါက်တာ ဆိုင်းမွန်တို့၊ ကိုထွန်းအောင်ကျော်တို့၊ ALP ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်တို့ ကျနော်နဲ့ တွေ့ပြီးပြည်လည်ပေါင်းစည်းဖို့ ညီညွတ်ကြဖို့ ပြောတယ်။ အဲဒီ ဖိအားတွေလည်း ကျနော်တို့ ဗဟိုကော်မီတီတွေပေါ်မှာ အများကြီး ရှိတယ်” ဟု ဗဒို အောင်မော်အေး က ပြောသည်။

အဖွဲ့အတွင်း ဖြစ်ပေါ်ခဲ့သော ပြဿနာရပ်သည်လည်း ဗဟိုဦးစီးအဖွဲ့၏ နိုင်ငံရေး ဦးဆောင်မှု အားနည်း၍ ဖြစ်သည်ဟု အခြားနိုင်ငံရေး အဖွဲ့အစည်းများမှ သုံးသပ် ရှုမြင်ကြောင်း ဗဒို အော်မော်အေး က ဆိုသည်။

ဘားအံမြို့၌ KNU ၏ ဗဟိုအဆင့် ဆက်ဆံရေးရုံးကို စစ်ဦးစီးချုပ်နှင့်အဖွဲ့ သွားရောက် ဖွင့်လှစ်ခဲ့စဉ် စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း ဗိုလ်မှူးကြီး ဂျော်နီကိုယ်တိုင် တွဲဘက်အတွင််းရေးမှူး (၁) ဖဒိုလှငွေ ထံ ကိုယ်တိုင် သွားရောက် ၌ ပြဿနာအား အဖွဲ့အစည်းအတွင်း ရှင်းရန်နှင့် ထုတ်ပြန်ချက် တစုံတရာ ထုတ်ပြန်ခြင်း မပြုသေးရန် တောင်းပန် ပြောဆိုခဲ့ပြီး ဗဒို အော်မော်အေး ကလည်း ဗဟိုရုံးချုပ်အား ထိုကိုယ်စားလှယ် အဖွဲ့များ ပြန်ရောက်လာသည့်အထိ စောင့်ဆိုင်း၍ ပြန်လည်ညှိနှိုင်း လုပ်ဆောင်ကြရန် ပန်ကြားထားသော်လည်း ခေါင်းဆောင် သုံးဦးအား တာဝန်မှ ရပ်ဆိုင်းလိုက်ကြောင်း ဖဒိုစောလှငွေ လက်မှတ်ဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာလ ၂၇ ရက်နေ့ ဗဟို အလုပ်မှုဆောင် ကော်မီတီ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ ၁ဝ ရက်နေ့ကလည်း အထွေထွေ အတွင်းရေးမှူး နော်စီ ဖိုးရာစိန် လက်မှတ်ဖြင့် KNU ခေါင်းဆောင် များ၊ ကရင်အမျိုးသား အားလုံးနှင့် ပြည်တွင်း ပြည်ပ ကရင် အဖွဲ့အစည်း အားလုံးသို့ လိပ်မူ၍ ကြေညာချက်တစောင် ထုတ်ဝေခဲ့သည်။ KNU အတွင်း လက်ရှိ တာဝန်ယူနေသူ အားလုံးမှာလည်း ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလား ကြောင်းနှင့် အစိုးရနှင့် ဆက်လက်တွေ့ဆုံကာ ခိုင်မာသည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် ဆက်လက် ကြိုးပမ်းသွားမည်ဟု ကရင်ဘာသာဖြင့် ရေးသား ထုတ်ပြန်ထားသည်။

ထို့ပြင် KNLA တပ်မတော် အနေနှင့်လည်း KNU မှ ချမှတ်ထားသည့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့် လမ်းစဉ်များကို လိုက်နာရမည် ဟူလည်း ဖော်ပြပါရှိသည်။

ထိုစာနှင့် စပ်လျဉ်း၍ နော်စီ ဖိုးရာစိန်အား မဇ္စျိမမှ ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။

လက်ရှိ တာဝန်ယူထားသည့် ဗဟို ကော်မီတီ၊ ဗဟို အလုပ်အမှုဆောင် ကော်မီတီ များကိုလည်း လာမည့် ကွန်ဂရက်၌ ပြန်လည် ရွေးချယ်ရန် ရှိပြီး အများစုဆန္ဒ ဒီမိုကရေစီ နည်းလမ်းဖြင့်သာ ကွန်ဂရက် ရလဒ်အတိုင်း ပြန်လည် ရွေးချယ် သွားမည် ဖြစ်သည်။

Most read this week