ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်သူများ တရားရုံး ၁၀ ခုတွင် အမှုဖွင့်ခံထားရ

ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်သူများ တရားရုံး ၁၀ ခုတွင် အမှုဖွင့်ခံထားရ
by -
မဇ္ဈိမ

ပြည်တွင်းစစ် ရပ်စဲရန် ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက်ပွဲအား ဦးဆောင်ခဲ့သူ လေးဦးကို ရန်ကုန်တိုင်း အတွင်း မြို့နယ် ၁ဝ ခုမှ တရားရုံးများက တရားစွဲဆိုခြင်းအပေါ်သမ္မတ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့် မကိုက်ညီကြောင်း တရားစွဲဆိုခြင်းခံထားရသူ ကိုမိုဃ်းသွေး က ပြောသည်။

၎င်းမှာ အပြောနှင့် အလုပ် မညီသကဲ့သို့ နိုင်ငံတကာတွင် မြန်မာနိုင်ငံကို သိက္ခာကျစေကြောင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
Peace-One-Day-5
“တရားစွဲတယ်ဆိုတာပဲ တရားလွန်နေပြီ။ ဒီငြိမ်းချမ်းရေးနေ့မှာ မြန်မာတနိုင်ငံတည်း ကျင်းပတာ မဟုတ်ဘူး။ အနီးစပ် ဆုံး တရုတ်နိုင်ငံမှာဆိုရင်လည်း အခမ်းအနားတွေ လုပ်ပြီးတော့ ကျင်းပကြတယ်။ အဲဒီမှာဆို မြန်မာပြည်က ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်မောင်မြင့် ကိုယ်တိုင် သွားပြီး တလေးတစားနဲ့ သွားတက်ခဲ့တဲ့ အခမ်းအနား မျိုး ဖြစ်တယ်။ ကျနော်တို့ ပြည်သူတွေ အနေနဲ့လည်း လွတ်လွတ်လပ်လပ် ကျင်းပခွင့် ပေးသင့်တယ်” ဟု ငြိမ်းချမ်းရေး ကွန်ယက်မှ တာဝန်ခံ ကိုမိုဃ်းသွေး က မဇ္စျိမကို ပြောသည်။ 

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့့့တွင် စစ်ပွဲများ ရပ်တန့်ရန်အတွက် ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ ရွှေတိဂုံ အနောက်ဘက်မုခ်ရှိ ပြည်သူ့ရင်ပြင်တွင် ဆန္ဒထုတ်ဖေါ်မှုကို လာရောက်တားမြစ်နေသည့် ရဲတပ်ဖွဲ့ဝင်တဦးအား စက်တင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

ကိုမိုဃ်းသွေး အပါအဝင် ကိုကျော်ကျော်ဗိုလ်၊ မခင်စန္ဒာညွန့်နှင့် မဖွေးယုမွန်တို့ လေးဦးကို ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့်လှိုင်မြို့နယ် တရားရုံးက အောက်တိုဘာလ ၅ ရက်နေ့က ပထမဆုံးအကြိမ် ရုံးချိန်းဆိုခဲ့ပြီး သတ်မှတ်ထားသော ရုံးချိန်းရက်များ တက်ရောက်ခြင်း မရှိပါက ကျပ်ငွေ သုံးသိန်း ပေးလျှော်ရမည် ဆိုသည့် ခံဝန် လက်မှတ် ရေးထိုးခဲ့သည်ဟု သူက မဇ္စျိမကို ပြောသည်။

ဆူးလေမှ အင်းလျားကန်ဘောင်လမ်းထိ ငြိမ်းချမ်းရေးဆန္ဒဖော်ထုတ်ခဲ့သဖြင့် ကျောက်တံတား၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန်၊ တာမွေ၊ ဗဟန်း၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ကမာရွတ်နှင့် လှိုင်မြို့နယ် တရားရုံး များမှ စွဲဆိုခဲ့သဖြင့် “ကျနော်တို့အနေနဲ့ နေ့တိုင်းလို တရားရုံးတွေ သွားနေရတော့ အချိန်လည်း ကုန်တယ်။ စိတ်လည်း ပင်ပန်းတယ် သွားရေးလာရေး ခက်တယ်။ ကိုယ့်အလုပ်တွေ ပျက်တယ်။ ပြီးတော့ ကျောင်းသားတွေလည်း ပါတယ် ဆိုတော့ ခုဆို အနီးကပ် သင်တန်း တက်ရမယ်” ဟု အခက်အခဲများကို ကိုမိုးသွေးက ပြောပြသည်။

ထိုအမှုအတွက် ရှေ့နေများ ကွန်ယက်မှ တရားရုံးချုပ် ရှေ့နေ ဦးကိုကိုကြီး၊ ဦးအောင်သိန်းတို့အပြင် တခြား တရားလွှတ်တော် ရှေ့နေများနှင့် တိုင်ပင်နေသည်ဟု သိရသည်။

“အကြောင်းချင်းရာ တခုတည်းပေါ်မှာ နယ်မြေပေါ်မှာ ဖြတ်သန်းလျှောက်သွားရုံနဲ့ အဲဒီနယ်မြေ တခုချင်း အလိုက်  မြို့နယ်အလိုက် စွဲမယ်ဆိုရင် ဒါက အမှုသည်တွေ အပေါ်မှာ ပင်ပန်းဆင်းရဲအောင် တမင်ပြုလုပ် တယ်ဆိုတဲ့ ရည်ရွယ် ချက် ပေါ်နေတယ်။ ဒါ မဖြစ်သင့်ဘူးဆိုတဲ့ဟာ ပေါင်းပေးဖို့ လျှောက်မှာပါ။ မပေါင်း ပေးဘူးဆိုရင် အဆင့်မြင့်ရုံး တက်ပြီးတော့ လျှောက်မှာပဲ” ဟု တရားရုံးချုပ် ရှေ့နေကြီး ဦးအောင်သိန်း က မဇ္စျိမကို ပြောသည်။

ကြာသပတေးနေ့ ကမာရွတ်မြို့နယ် တရားရုံးကလည်း အောက်တိုဘာလ ၁၈ ရက်နေ့သို့ ထပ်မံ ရုံးချိန်းပေးလိုက် သည်။

သောကြာနေ့မှာ ဗဟန်းမြို့နယ် တရားရုံးက ဆင့်ခေါ်ထားပြီး လာမည့်အပတ် တနင်္လာနေ့တွင် လှိုင်မြို့နယ် တရားရုံး၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ဗိုလ်တထောင် တရားရုံးတို့က အသီးသီး ဆင့်ခေါ်ထားသည်။

ဗုဒ္ဓဟူးနေ့ကလည်း ကချင်ငြိမ်းချမ်းရေးကွန်ယက် မှ ကိုဂျော်ဂွန်းနှင့် မမေစံပယ်ဖြူတို့ကို ဒဂုံမြို့နယ်နှင့် စမ်းချောင်း မြို့နယ်တွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် စွဲဆို စစ်ဆေးခဲ့သည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၃၄ အရ ပြစ်မှုများကို သုံးမှုအထိ ပေါင်း၍ တပေါင်းတည်း စစ်ဆေး ရန်အတွက် ရန်ကုန်တိုင်း၊ အနောက်ပိုင်း ခရိုင် တရားရုံးတွင် လျှောက်ထားချက်အား တရားသူကြီး ဒေါ်ခင်သန့်စင် က ပယ်ချခဲ့ သည်။

ထို့ကြောင့် ၎င်းတို့ နှစ်ဦးသည်လည်း အခြား ဗိုလ်တထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်နှင့် တာမွေစ သည့် မြို့နယ်များတွင် တရားရင်ဆိုင်ရမည် ဖြစ်သည်။

စက်တင်ဘာလ ၂၁ ရက်နေ့က ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ပြည်တွင်းစစ် ရပ်စဲရေး အတွက် ရန်ကုန်တိုင်းအတွင်း ချီတက်လမ်းလျှောက်သူများအား အာဏာပိုင်များဘက်က ဟန့်တားမှုများ ရှိခဲ့ပြီး နေပြည်တော်သို့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ကိုလည်း ဟန့်တားခဲ့သည်။