၁၉၈၃ ခုနှစ်က ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှန် အား ရည်ရွယ်၍ မြောက်ကိုရီးယား အကြမ်းဖက်သမားများက ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုအပြီး ထိခိုက်ဒဏ်ရာရ သေဆုံးနေသူများ၏ မြင်ကွင်းပုံများကို နှစ်ပေါင်း ၃၀ ခန့်အကြာတွင်မှ ပြည်သူလူထုသို့ ပထမဆုံးအကြိမ်ထုတ်ဖော်ပြ သ လိုက်သည်။
ကြာသာပတေးနေ့ထုတ် တောင်ကိုရီးယား Chosun Ilbo သတင်းစာ မျက်နှာဖုံးတွင် စတင်ဖော်ပြလိုက်သည့် ဓာတ်ပုံ ၏ ဂရပ်ဖစ်တွင် ခန္ဓာကိုယ် ရုပ်ပျက်ဆင်းပျက်၊ သွေးသံတရဲရဲဖြင့် ဂူဗိမာန်၏ အကျိုးအပဲ့များအကြား အလဲလဲအပြိုပြိုဖြစ်နေပုံနှင့် သုံးရုံး ဝန်ထမ်းတဦးက အော်ဟစ်နေပုံဖြစ်ကြောင်း NDTV သတင်းတရပ်တွင် ရေးသားထားသည်။
အဆိုပါ အောက်တိုဘာလ ၉ ရက် ဗုံးခွဲတိုက်ခိုက်မှု၏ အဓိက ပစ်မှတ်ဖြစ်သည့် သမ္မတ ချန်ဒူးဝှန်မှာ ဂါရဝပြုရန် အာဇာနည်ကုန်းသို့ မိနစ်အနည်းငယ် နောက်ကျမှ ရောက်လာ၍ လွတ်မြောက်ခဲ့ရသော်လည်း ဗုံးပေါက်ကွဲမှုကြောင့်သေဆုံးသူ ၂၁ ဦးရှိသည့်အနက် တောင်ကိုးရီးယား ဝန်ကြီးလေးဦးနှင့် သံအမတ်ကြီး အပါအဝင် ကိုရီးယားနိုင်ငံသား ၁၇ ဦး သေဆုံးသွားခဲ့ရသည်။
ပေါက်ကွဲမှု ဖြစ်ပြီးနောက် ထိခိုက်ဒဏ်ရာရ သေကြမှုများနှင့် အပျက်အစီးများကို မှတ်တမ်းဓာတ်ပုံအဖြစ် ကိုရီးယား အစိုးရ ဓာတ်ပုံသတင်းထောက် Kim Sang-Yeong က ရိုက်ယူခဲ့သည်။
သို့သော် ကွယ်လွန်သူများ၏ ကျန်ရစ်သူ မိသားစုများ စိတ်ဒုက္ခမရောက်ရန်အလို့ငှါ ချန်ဒူးဝှန်၏ တောင်းဆိုချက်အရ ထိုဓာတ်ပုံများကို နှစ်ပေါင်း ၃၀ ကြာ ထိန်းသိမ်းထားခဲ့ရာမှ ယခု ဂရပ်ဖစ်ဖြင့် စတင်ဖော်ပြလိုက်ခြင်း ဖြစ်သည်။
အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ မြောက်ကိုရီးယား ဗိုလ်မှူးတဦးနှင့် ဗိုလ်ကြီး နှစ်ဦးဟု ယူဆရသည့် မသင်္ကာသူများအား မြန်မာရဲတပ်ဖွဲ့နှင့် တပ်မတော်က ဖမ်းဆီးနိုင်ခဲ့သည်။ ၎င်းတို့အနက် နှစ်ဦးမှာ ကြိုးမိန့် ကျခံခဲ့ရပြီး လုပ်ကြံမှု အား ဝန်ခံ ဖြောင့်ချက်ပေးသည့် ကန်မင်ချူးမှာ သေဒဏ်အစား ထောင်တ သက်သို့ ကျခံစေခဲ့ပြီး ၂၀၀၈ ခုနှစ်တွင်မှ အင်းစိန်ထောင်တွင် နှစ်ရှည်အကျဉ်းသားအဖြစ် အသဲကင်ဆာဖြင့်ကွယ်လွန် သွားခဲ့သည်။
ထိုဗုံးဖောက်ခွဲမှုမှစ၍ မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံနှင့် သံတမန် ဆက်ဆံရေး ဖြတ်တောက် ထားလိုက်ပြီး ၂ဝဝ၇ ခုနှစ်တွင်မှ ပြန်လည်ထားရှိခဲ့သည်။
ကိုရီးယား တောင်/မြောက် နယ်စပ်တနေရာရှိ ၁၉၈၃ ဗုံးပေါက်ကွဲမှု အတွင်း သေဆုံးခဲ့ရသူများ၏ အထိမ်းအမှတ် နေရာသို့ မြန်မာသမ္မတ ဦးသိန်းစိန် သွားရောက်ဂါရဝပြုခဲ့သလို စက်တင်ဘာ လကုန်က တည်းက ခေတ္တအလည်အပတ် ရောက်ရှိနေသော ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ ကလည်း သွားရောက် မေတ္တာပို့ အမျှအတမ်းပေးဝေခဲ့ကြောင်း ဆိုးလ်မြို့တွင် နေထိုင်သူ ကိုဇော်မိုးအောင် က မဇ္စျိမကိုပြောဆို သည်။