SSA-N နှင့် အစိုးရ ငြိမ်းအဖွဲ့တို့ တပ်မိသားစု နေရာချရေး သဘောတူ

SSA-N နှင့် အစိုးရ ငြိမ်းအဖွဲ့တို့ တပ်မိသားစု နေရာချရေး သဘောတူ
by -
မဇ္ဈိမ

မိုင်းရှူးနှင့် တန့်ယန်းမြို့နယ် အကြားရှိ ဟိုနမ်းဒေသတွင် တပ်မိသားစုဝင်များနှင့် စစ်ဘေးရှောင် ရွာသားများအတွက် ရွာသစ်တည်ရန် ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း) SSPP/SSA-N နှင့် ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တို့ ဗုဒ္ဓဟူးနေ့က သဘောတူညီခဲ့ကြသည်။

ဒုတိယအကြိမ်မြောက် ငြိမ်းချမ်းရေး ဆွေးနွေးမှုအဖြစ် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနှင့် လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းဇော်တို့ ဦးဆောင်သော ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ကိုယ်စားလှယ်များနှင့် အထွေထွေအတွင်းရေးမှူး ဦးခွန်ဆိုင်း ခေါင်းဆောင်သော SSPP/SSA-N မှ ကိုယ်စားလှယ်များ လာရှိုးမြို့တွင် ဆွေးနွေး၍ အဆိုပါ အိမ်ခြေ ၃၅ဝ ရှိ ရွာသစ်တည်ရန် သဘောတူခဲ့ကြခြင်း ဖြစ်သည်။

“ဆွေးနွေးတာက တပ်နေရာချထားရေး၊ (SSA-N)တပ်မိသားစုဝင်တွေ၊ စစ်ဘေးရှောင် ကျေးရွာသားတွေ နေရာ ချထားဖို့ မိုင်းရှူးနဲ့ တန့်ယန်းကြားမှာ အခြေချဖို့ သဘောတူတယ်။ လူထု မထိခိုက်တဲ့နေရာ၊ နှစ်ရှည်ပင်၊ နှစ်တိုပင် စိုက်နိုင်တဲ့နေရာ ဖြစ်ဖို့ တဆင့်ပြီးတဆင့် ရွာတည်ဖို့ စီမံချက်ချမယ်။ လိုအပ်တဲ့ ပံ့ပိုးမှုကို အစိုးရက ကူညီမယ်” ဟု SSA-N ပြောခွင့်ရ ဗိုလ်မှူး စိုင်းလ က ပြောသည်။

သွပ်မိုး ပျဉ်ထောင် အိမ်အလုံးပေါင်း ၃၅ဝ တည်ဆောက်ရန်အတွက် ပထမအဆင့်အဖြင့် ကော်မတီဖွဲ့စည်း၍ ရေရရှိမှု အခြေအနေ၊ လမ်းဖောက်လုပ်မည့် အခြေအနေများအား ကွင်းဆင်းလေ့လာမည် ဖြစ်ကြောင်း မဇ္စျိမကို ပြောသည်။

တပ်များ သွားလာရေးကိစ္စတွင် ကြိုတင်ညှိနိုင်းရန်အတွက် အထက်သို့ တင်ပြရန် မလိုဘဲ သက်ဆိုင်ရာ တိုင်းဌာနချုပ် တွင်သာ ဖြေရှင်းသွားရန်လည်း ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

ဆွေးနွေးပွဲကို မွန်းလွဲ ၁ နာရီမှ စတင်ခဲ့ပြီး ညနေ ၄ နာရီထိ ကြာမြင့်ခဲ့သည်ဟု ဗိုလ်မှူးစိုင်းလှ က ပြောသည်။

ဆွေးနွေးပွဲတွင် မိုင်းရှူးမြို့နယ် ကူးတိုးဆိပ်(တာဆမ်းဖူး)မှ SSA-N တပ်စခန်းတခုကို အောက်တိုဘာလ ၅ ရက်နေ့နောက်ဆုံးထား ပြောင်းရွှေ့ရမည်ဟု ရှမ်းပြည်နယ်စပ် ရေးရာနှင့် လုံခြံုရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ က စာပေးပို့ ထားမှုနှင့် ပတ်သက်၍ ထည့်သွင်း ဆွေးနွေးခြင်း မရှိသော်လည်း တပ်ဆုတ်ပေးမည် မဟုတ်ကြောင်း သူက ဆိုသည်။

ဇန်နဝါရီလက SSA-N နှင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့ကြပြီးနောက် တိုက်ပွဲအကြိမ်ပေါင်း ၄ဝ ခန့် ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူး စိုင်းလှ က ပြောသည်။