ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အကြမ်းဖက် လူအုပ်များက ဗုဒ္ဓသာသနိက အဆောက်အအုံများအား ဖျက်ဆီးခဲ့သော ဖြစ်ရပ်အတွက် ရဟန်းရှင်လူ အယောက် ၃ဝဝ ကျော်ခန့်က ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ် သမ္မတနိုင်ငံ သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်၍ တောင်းဆိုချက်များ ပေးပို့ခဲ့ကြသည်။
သောကြာနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်ရောက် ရခိုင် ရဟန်းတော်များ သာရေးနာရေး အသင်းမှ ဦးဆောင်၍ ပြုလုပ် ခဲ့သော အဆိုပါ ဆန္ဒပြပွဲတွင် ရန်ကုန် မြို့နယ်ပေါင်းစုံမှ သံဃာတော်များနှင့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများမှ ပါဝင်ဆင်နွှဲ ခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ဘာသာရေး အကြမ်းဖက်မှုများကို ရှုတ်ချလိုက်ကြသည်။
စက်တင်ဘာလ ၂၉ ရက်ညနှင့် ၃ဝ ရက်နေ့များက မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်နှင့် စစ်တကောင်းနယ်တို့တွင် ဗုဒ္ဓသာသနိက အကောက်အအုံ ၁၂ လုံးနှင့် ဗုဒ္ဓဘာသာဝင်တို့၏ နေအိမ် ၅၀ ခန့်ကို မူဆလင်ဘာသာဝင် လူအုပ်ကြီးများက မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့သည်။
ထိုအကြမ်းဖက်မှုများမှ ပျက်စီးမှုများကို ဘင်္ဂလားဒေရှ့်အစိုးရမှ ပြန်လည် တည်ဆောက်ပေးရန်၊ အကြမ်းဖက် လုပ်ရပ်များတွင် ပါဝင်သူများကို တရား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူပေးရန်နှင့် နောင်တွင် အဆိုပါ အကြမ်းဖက်လုပ်ရပ်မျိုး ထပ်မံမဖြစ်စေရေးနှင့် ဘေးကင်းလုံခြံုရေးတို့ကို အာမခံပေးရန်တို့ကို ယနေ့ ဆန္ဒပြသူများက ဘင်္ဂလားဒေ့ရှ် အစိုးရထံ တောင်းဆိုကြသည်။
ထိုသို့ ဆန္ဒပြရန်အတွက် သက်ဆိုင်ရာ နယ်မြေအာဏာပိုင်များသို့ ကြိုတင်ခွင့်ပြုချက် ယူခြင်းမရှိဘဲ စုဝေးခဲ့ကြခြင်းလည်း ဖြစ်သည်။
မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများက အေးချမ်းစွာ ဖြေရှင်းသွားရန်နှင့် မြို့နယ် သံဃာ့နာယကသို့ တင်ပြပြီးမှ လုပ်ဆောင်ရန် ရှင်းပြလျှောက်ထားသော်လည်း သံဃာတော်များက ယခုဆန္ဒဖော်ထုတ်ခြင်းသည် အကြမ်းဖက် လုပ်ရပ် မဟုတ်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်းဖြစ်သည်ဟု ပြန်လည်ပြောဆိုခဲ့ကြသည်။
“နိုင်ငံတော် သံဃာ့နာယကကို ကျောင်းတော်တော်များများက ဆန္ဒပြခွင့် တင်တယ်။ ခွင့်မပြုဘူး။ သံဃာ့နာယက ကို စောင့်နေရင် ဟိုနိုင်ငံက ကျုပ်တို့ဘာသာ လူနည်းစုတွေရဲ့ အမွေအနှစ်တွေ ပြာကျပြီးရုံပဲ ရှိတော့တယ်။ သံဃာ့နာယကကို တင်ပြပါ ဆိုတာက မလုပ်ပါနဲ့လို့ ပြောတာနဲ့ အတူတူပဲ” ဟု ဆန္ဒပြ သံဃာတပါးက မိန့်ဆိုသည်။
လေးဝတီ ရခိုင်ငြိမ်းချမ်းရေး လူငယ်များအဖွဲ့မှ လူငယ်တဦးကလည်း “ထိုင်းနဲ့ သီရိလကာင်္က ဘုန်းတော်ကြီးတွေ ကတောင် မြန်မာတိုင်းရင်းသား ဘုန်းတော်ကြီးတွေ အကြမ်းဖက်ခံနေရတာကို ကာကွယ်ပေးဖို့အတွက် ဆန္ဒပြပေးနေတယ်။ ကျနော်တို့ အရမ်းရှက်ဖို့ကောင်းတယ်။ အရှက်နဲ့သိက္ခာကို ကာကွယ်ပေးဖို့အတွက် သမ္မတ ကိုယ်စား လုပ်ဆောင်ပေးရခြင်း ဖြစ်ပါတယ်။ အဲတာကိုမှ အပြစ်ပေးမယ် အရေးယူခံရမယ် ဆိုတာကလည်း သမ္မတ အပေါ် မူတည်တယ်” ဟု ပြောဆိုသွားသည်။
ထို့ပြင် ဆန္ဒပြသူများ တောင်းဆိုသည့် အချက် ကိုးချက်တွင် မြန်မာနိုင်ငံအတွင်း OIC ကမ္ဘာ့မူဆလင် အဖွဲ့ကြီး၏ လေ့လာရေးရုံးများ ထားရှိမည်ကို ကန့်ကွက်ထားသည်။
သံဃာတော်များက ဘင်္ဂလားဒေရှ့်သံရုံးသို့ တောင်းဆိုချက် စာတမ်းကို ပေးပို့ပြီးနောက် သံရုံးရှေ့တွင် မေတ္တာသုတ် ရွတ်ဆိုခဲ့ကြသည်။
ဆန္ဒပြမှု ဖြစ်စဉ်အတွက် တာဝန်ရှိသူ နယ်မြေတပ်ဖွဲ့ကို မေးမြန်းခဲ့ရာတွင် ပြန်လည် ဖြေဆိုခြင်း မရှိခဲ့ပေ။
မူဆလင် ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ကိုရမ်ကျမ်းစာအုပ်အား မီးရှို့ထားသည့်ပုံကို ဖေ့စ်ဘွတ် အင်တာနက်ပေါ်တွင် တင်သူမှာ ဗုဒ္ဓဘာသာဝင် လူငယ်တယာက်ဖြစ်သည်ဟု စွပ်စွဲကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်း ထိုကဲ့သို့ ဒေါသတကြီး အကြမ်းဖက်မှုများ ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။