ကိုရီးယားမှ ဒေဝူးကုမ္ပဏီက အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် ရွှေဂက်စ်ပိုက်လိုင်း စီမံကိန်း ရပ်ဆိုင်းရန် မြန်မာလူမှုအဖွဲ့များမှ တောင်းဆိုထားစဉ် တောင်ကိုရီးယား နိုင်ငံသို့ သမ္မတကြီးဦးသိန်းစိန် သွားရောက် လည်ပတ်ရန်ရှိကြောင်း သိရသည်။
သမ္မတ ခရီးစဉ် ရက်အတိအကျ ဖော်ပြမထားသော်လည်း မကြာမီ ကာလအတွင်း သွားရောက်မည် ဖြစ်ကြောင်း အောက်တိုဘာ ၄ ရက်နေ့ထုတ် နိုင်ငံပိုင် အင်္ဂလိပ် သတင်းစာ New Light of Myannmar တွင် ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များ၊ ရခိုင်နှင့်ရှမ်း ဒေသခံ အဖွဲ့များ အပါအဝင် လူမှုအဖွဲ့အစည်း ၁၂ ဖွဲ့က ဒေဝူး အင်တာနေရှင်နယ် ကုမ္ပဏီ လီမိတက်၏ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း ပါဝင်ထားသည့် ရွှေဂက်စ်စီမံကိန်းအား ရပ်ဆိုင်းပေးရန်အောက်တိုဘာလ ၁ ရက်နေ့က အစိုးရနှင့် သက်ဆိုင်ရာ ကုမ္ပဏီများသို့ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားသည်။
ထိုစီမံကိန်းတွင် စာချုပ်ပါ စီမံကိန်းအခြေခံ အချက်အလက်များ၊ နိုင်ငံရေး သဘော တူညီချက်များ၊ ပိုက်လိုင်း လုံခြုံဘေးကင်းရေး စံနှုန်းများ၊ ဘဏ္ဍာရေး ဆိုင်ရာ အချက်အလက်များ၊ နောက်ဆက်တွဲ အကောင်အထည်ဖော်မည့် အစီစဉ်များကို ပြည်သူလူထုအနေဖြင့် သိရှိခွင့်မရခဲ့ဟု ကြေညာချက်တွင် ပါရှိသည်။
ထို့ပြင် စီမံကိန်းကြောင့် လယ်ယာမြေနှင့်စိုက်ခင်းများ၊ ကျေးရွာသုံးရေကန်များ၊ သာသနိက နယ်မြေများ၊ လမ်းများ၊ သဘာဝ ရေထွက်များနှင့် ရေထိန်းတောများ၊ ရှားပါး ရေနေ၊ ကုန်းနေ သတ္တဝါများ၊ ဇီဝမျိုးစုံမျိုးကွဲ၊ သစ်တောများ၊ ကမ်းရိုးတန်းနှင့် သန္တာ ကျောက်တန်းများ အပါအဝင် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ကြီးစွာ ထိခိုက်သဖြင့် စီမံကိန်းအား လုံးဝ ရပ်ဆိုင်းထားစေလိုကြောင်း ဖော်ပြထားသည်။
ရွှေဂက်စ်က ထွက်သည့် သဘာဝဓါတ်ငွေ့များကို တရုတ်နိုင်ငံ၊ ယူနန်နယ်သို့ ကီလိုမီတာ ၁,၂ဝဝ ရှည်လျား သည့် ပိုက်လိုင်းဖြင့် သွယ်တန််း ပို့ဆောင်ပေးမည်ဖြစ်ပြီး ယင်းလုပ်ငန်းအား ၂ဝ၁၃ ခုတွင် စတင်လည်ပတ် မည်ဟု သိရသည်။
ဒေဝူးကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၂ဝဝဝ ခုနှစ် ကတည်းက ရေနံရှာဖွေရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ၂ဝဝ၄ ခုနှစ်တွင် ဘင်္ဂလားပင်လယ်အော်အတွင်း ရွှေသဘာဝဓါတ်ငွေ့ လုပ်ကွက်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
တရုတ်၊ ဟောင်ကောင်၊ ထိုင်းနိုင်ငံတို့ပြီးလျှင် တောင်ကိုရီးယာ နိုင်ငံသည် မြန်မာနိုင်ငံတွင်း စတုထ္ထမြောက် ရင်နှီးမြှပ်နှံသည့်နိုင်ငံဖြစ်သည်။
၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တွင် ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြှပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၂.၆၇ ဘီလီယံ ရှိကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာနက ဖော်ပြထားသည်။
စက်တင်ဘာလအတွင်းက နေပြည်တော်တွင် ကျင်းပခဲ့သည့် ၆ ကြိမ်မြောက် စွမ်းအင်နှင့် သဘာဝရင်းမြစ်များ ပူးပေါင်း အကောင်အထည်ဖော်ရေး ကော်မတီ အစည်းအဝေးတွင် မြန်မာနှင့် ကိုရီးယား အရာရှိများက ရွှေ သဘာဝဓာတ်ငွေ့ စီမံကိန်းကိစ္စ ထည့်သွင်း ဆွေးနွေးခဲ့ကြသေးသည်။
နှစ်ပေါင်း ၃ဝ အတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ် မေလအတွင်းက လာရောက် လည်ပတ်ခဲ့သေးသည်။ ထိုခရီးစဉ်အတွင်း နှစ်နိုင်ငံ သမ္မတများ တွေ့ဆုံစဉ် မြောက်ကိုရီးယားထံမှ စစ်လက်နက် ပစ္စည်းများ ဆက်လက် ဝယ်ယူတော့မည် မဟုတ်ကြောင်း ဦးသိန်းစိန် က ကတိပေး ပြောကြားခဲ့သည်။
၁၉၈၃ ခုနှစ်က တောင်ကိုရီးသားသမ္မတ ချန်ဒူးဝမ် မြန်မာနိုင်ငံခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်သို့ သွားရောက် ဂါရဝပြုရာတွင် မြောက်ကိုရီးယား သူလျှိုများ၏ ဗုံးခွဲတိုက်ခိုက်ခြင်း ခံခဲ့ရသည်။
ထိုတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၂၁ ဦး ရှိခဲ့ရာ ၁၇ ဦးမှာ တောင်ကိုရီးယားနိုင်ငံသားများ ဖြစ်ပြီး သေဆုံးသူများ အနက် တောင်ကိုရီးယား ဝန်ကြီး လေးဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတို့ ပါဝင်သည်။
ထိုစဉ်မှစ၍ မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံနှင့် သံတမန် ဆက်ဆံရေး ဖြတ်တောက်ထားပြီး ၂ဝဝ၇ ခုနှစ်တွင်မှ ပြန်လည်ထားရှိခဲ့သည်။