သင်္ကန်းကျွန်း လေးထောင့်ကန်လမ်း မီးလောင်၊ ကျပ် ၂၅ သိန်းဖိုး ဆုံးရှုံး

သင်္ကန်းကျွန်း လေးထောင့်ကန်လမ်း မီးလောင်၊ ကျပ် ၂၅ သိန်းဖိုး ဆုံးရှုံး
by -
မဇ္ဈိမ

ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်း BOC မှတ်တိုင်အနီးရှိ ဓာတ်ဆီအရောင်းဆိုင်တွင် မီးလောင်မှုတခု ဖြစ်ပွားခဲ့ပြီး ကာလတန်ဖိုး မြန်မာကျပ်ငွေ ၂၅ သိန်းခန့် ဆုံးရှံုးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၃ ရက်နေ့ညက ဖြစ်ပွားခဲ့ပြီး ကူးစက်မီးကြောင့် အနီးရှိ ဆိုင်ခန်းငယ် ငါးဆိုင်ပါ လောင်ကျွမ်းသွားကြောင်း အဆိုပါနေရာသို့ ရောက်ရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင်တဦးက ပြောသည်။

၁၀ ပေ x ၃၀ ပေ အကျယ်ရှ်ိ ဆိုင်ခန်း လေးခန်းနှင့် ၅ ပေပတ်လည် အခန်းတခန်းတို့ ပါ၀င်ပြီး ဓါတ်ဆီဆိုင် ပိုင်ရှင်လင်မယား စကားများရာမှ လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ဆိုင်ခန်း မီးလောင်ခံခဲ့ရသည့် ကားပြင်ဆိုင်မှ မတင်ဌေးဝင်း က ပြောသည်။

“ဓါတ်ဆီဆိုင် ပိုင်တဲ့ ကိုငယ်လေးနဲ့ မစန်းစန်းမော်တို့ ရန်ဖြစ်ကြတာ။ ကိုငယ်လေးက ငါ မီးရှို့လိုက်မယ်လို့ ပြောတဲ့ အသံကြားတယ်။ အဲဒီနောက် မီးလောင်တာပဲ။ သူတို့ကတော့ အခုပြေးပြီ”  ဟု မဇ္စျိမကို ပြောသည်။

ည ၉း၁၅ နာရီမှ စတင်လောင်ကျွမ်းသော မီးကို မီးသတ်ကား ၂၅ စီး၊ အုပ်ချုပ်ရေးယာဉ် ၆ စီး၊ အကူယာဉ် ၈ စီးတို့ဖြင့် ငြိမ်းသတ်ခဲ့ရပြီး ၉း၄၅ နာရီတွင် မီးငြိမ်းသွားခဲ့သည်။

Most read this week