မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ပြောင်းရွှေ့လာကြရသည့် အောင်မြင်သာ ရွာသားများ သောက်သုံးရေ အခက်အခဲနှင့် ကြံုတွေ့နေရကြောင်း သိရှိရသည်။
စက်တင်ဘာလ အတွင်းက မိုးအဆက်မပြတ် ရွာသွန်း၍ ကျိန်ခရန်ချောင်းရေ ကြီးလာကာ ရေပိုက်များ မျောပါသွား ခြင်းကြောင့် အောင်မြင်သာကျေးရွာမှာ ရက်သတ္တ နှစ်ပတ်ခန့်ကြာ သောက်သုံးရေ ပြဿနာနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။
“ရွာထဲမှာက ရေမရဘူး။ ကျိန်ခရန် ချောင်းကနေ ချက်ရေ ခပ်တယ်။ သောက်ရေက မြစ်ကြီးနားကနေ ဝယ်သုံးနေရ တယ်။ နှစ်ပတ် ကျော်သွားပြီ။ ခု အေးရှားဝေါက ယာယီအနေနဲ့ လုပ်ထားတယ်။ ဒါပေမယ့် မလောက်သေးဘူး” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနော်ဂျာ က ပြောသည်။
အင်္ဂါနေ့က အေးရှားဝေါကုမ္ပဏီက တောင်ကျချောင်းမှ သွယ်ယူ၍ ဆောက်လုပ်ပေးထားသော ယာယီရေ လှောင်တမံ မှ ရေရရှိမှုနှင့် သုံးစွဲမည့်ပမာဏ မမျှတ၍ ကျေးရွာ၏ သုံးပုံတပုံ (အိမ်ခြေ ၁ဝဝ) ခန့်သာ ရေရရှိပြီး ထိုရေမှာလည်း မိုးရွာသွန်းမှုကြောင့် နီရဲနေသဖြင့် သောက်သုံး၍ မရသေးကြောင်း “ချောင်းရေကနေ ယာယီ ယူထားတယ်ဆိုတော့ နေသာလာရင်တော့ ရေ ပြန်ခမ်းသွားနိုင်တယ်။ နွေရာသီဆိုရင် အဲဒီချောင်းက ရေမစီးဘူး။ ခု သုံးပုံတပုံလောက်ပဲ ရေရတယ်။ လောလောဆယ် ယာယီလို သုံးဖို့ လုပ်တာတောင် အဆင်မပြေဘူး။ သူတို့ လုပ်တာက သေသေချာချာ မလုပ်ပေးသေးဘူး” ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် ရေမရရှိကြသေးသော အိမ်ခြေ ၂ဝဝ ကျော်မှာ မြစ်ကြီးနားမြို့မှ သောက်ရေသန့်ကို ဗူးလွတ် တဗူးလျှင် ၅ဝဝဝ ကျပ်၊ ရေအတွက် ၉ဝဝ ကျပ် စုစုပေါင်း ၅,၉ဝဝ ကျပ် ပေး၍ ဝယ်ယူနေရသည်ဟု ရွာခံတဦးက ပြောသည်။
ငွေကြေး မတတ်နိုင်သော ရွာသားအချို့ကမူ ရွာမှ တမိုင်ကျော် အကွာအဝေးရှိ ကျိန်ခရန် ချောင်းသို့ သုံးဘီး၊ ဆိုင်ကယ်၊ စက်ဘီးများ ငှားရမ်းပြီး သွားရောက် သယ်ယူ သောက်သုံးနေရသည်ဟု ဆိုသည်။ သုံးရေအတွက် အောင်မြင်သာကျေးရွာ အလယ်ရှိ ချောင်းရေငယ်တွင် အသုံးပြုနေရသည်ဟု ဆိုသည်။
ချောင်းရေကို ကျိုချက်၍ သောက်သုံးနေရသဖြင့် မီးသွေး အခက်အခဲနှင့် အနီးအနားရှိ ထင်းခုတ်သည့် နေရာ အခက်အခဲတို့ ရှိနေကြောင်း ဒေသခံက ပြောသည်။
အောင်မြင်သာကျေးရွာ တည်ဆောက်ရန်အတွက် ကျိန်ခရန်ချောင်း၏ မူလ ရေစီးကြောင်းကို ပိတ်ဆို့၍ ရေလမ်း ကြောင်း လွှဲထားသည့်နေရာ မခိုင်ခံ့သဖြင့် ရေကြီးလာသည့်အခါ တိုက်စားသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆို ကြသည်။
“ရွာတည်မယ်ဆိုပြီး ရေလမ်းကြောင်းကို လွှဲလိုက်တာ။ နဂိုရှိတဲ့ ရေလွှဲလိုက်တဲ့ ရေကာတာကို အုတ်တံတိုင်း တွေနဲ့ ကာတာ မဟုတ်ဘူး။ ကျောက်ခဲ၊ သဲတွေနဲ့ပဲ ရေလမ်းကြောင်းကို ပိတ်ထားပြီး အပေါ်မှာ စက်တွေနဲ့ ထပ်ဖိထားတာ။ ခု ရေကြီးလာတော့ အဲဒါကို လာတိုက်သလို ဖြစ်သွားပြီး ရွာထဲကို ရေလွှမ်းသွားတယ်။ မြစ်ဆုံမှာ ရေလွှမ်းမှာစိုးလို့ ပြောင်းလာတာ ဒီရောက်တော့ ရေကြီးတာ ခံရတယ်” ဟု မြစ်ဆုံမှ ပြောင်းရွှေ့လာသူ ဒေသခံ တဦးက ပြောသည်။
ချောင်းရေဖြင့် မျောပါသွားသော ရေပိုက်များမှ ယနေ့အထိ ပြန်လည်ပြင်ဆင်မှုမရှိသေးပေ။
ရေအားလျှပ်စစ် မီဂါဝပ် ၆,ဝဝဝ ထုတ်လွှတ်နိုင်မည့် မြစ်ဆုံ ရေကာတာ စီမံကိန်းကို ၂ဝဝ၇ ခုနှစ်မှစ၍ အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဌာန၊ တရုတ် လျှပ်စစ်ဓါတ်အား ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း CPI နှင့် အေးရှားဝေါလ် ကုမ္ပဏီများက တာဝန်ယူကာ ပူးတွဲ တည်ဆောက်ခဲ့ရာ မြန်မာပြည်သူများ ကန့်ကွက်ခဲ့သဖြင့် ယမန်နှစ် စက်တင်ဘာလ ၃ဝ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန် က ရပ်ဆိုင်းစေခဲ့ရသည်။
၂ဝဝ၉ ခုနှစ်က မြစ်ဆုံ စီမံကိန်းနှင့် အနီးတဝိုက်ရှိ ကျေးရွာများကို အောင်မြင်သာ ကျေးရွာအဖြစ် ရွာသစ်တည်၍ ပြောင်းရွှေ့နေထိုင်စေခဲ့ရာ သုံးနှစ်ကျော်ကြာခဲ့ပြီ ဖြစ်သော်လည်း ယခုနှစ်တွင်မှ ဤကဲ့သို့ ရေပိုက်များ ကျိုးပြတ်မျော ပါသည်အထိ ရေကြီးမှုနှင့် ကြံုရခြင်းဖြစ်သည်။