စစ်ပြေးဒုက္ခသည်များ လိုအပ်မှု၏ ၄% သာ နိုင်ငံတကာ ကူညီခဲ့ဟု အစီရင်ခံစာဆို

စစ်ပြေးဒုက္ခသည်များ လိုအပ်မှု၏ ၄% သာ နိုင်ငံတကာ ကူညီခဲ့ဟု အစီရင်ခံစာဆို
by -
မဇ္ဈိမ

စစ်ပြေးရှောင် ကချင်ဒုက္ခသည်များအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ ရရှိသည့် အကူအညီမှာ အခြေခံ အစားအသောက် လိုအပ်ချက်၏ ၄ ရာခိုင်နှုန်းသာ ရှိကြောင်း အစီရင်ခံစာတစောင်က ဆိုသည်။

အောက်တိုဘာလ ၂ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့အစည်း KWAT ၏ အဆိုပါ အစီရင်ခံစာတွင် ကချင် လွတ်လပ်ရေး အဖွဲ့ KIO ထိန်းချုပ်နယ်မြေတွင်းရှိ ဒုက္ခသည်
ခြောက်သောင်းခန့်အတွက် လိုအပ်သော အကူအညီ၏ ၃ ရာခိုင်နှုန်းမှာ ကုလသမဂ္ဂမှ ရရှိပြီး နိုင်ငံတကာ INGO များထံမှ ၁ ရာခိုင်နှုန်းသာ ရရှိခဲ့သည်ဟု ဖော်ပြထားသည်။

“ကျမတို့က အထဲမှာ ဘယ်သူတွေက ဘယ်လောက်ကူညီတယ်ဆိုတာတွေ မေးမြန်းပြီးတော့ လုပ်ထားတာ။ UN အပါအဝင် ရတဲ့ အကူအညီတွေကနေ လုပ်ထားတာ။ လူ့အဖွဲ့အစည်းတွေကနေပြီး ကူညီတာတွေကို စုစည်းပြီးတော့ ကျမတို့ ပြန်ပြီး သုံးသပ်ထားတာ” ဟု KWAT တာဝန်ခံ ဒေါ်မွန်းနေလီက ပြောသည်။

စာမျက်နှာ လေးမျက်နှာပါ ‘From persecution to deprivation’ (ဖိစီးနှိပ်စက်ခြင်းမှ မဝရေစာဖြစ်ခြင်း) အစီရင်ခံစာ အကျဉ်းချုပ်တွင် KIO နှင့် အစိုးရတပ်များအကြား တိုက်ပွဲများ ပြန်လည်စတင် ဖြစ်ပွားခဲ့သည့် ၂ဝ၁၁ ခုနှစ်၊ ဇွန်လမှ ၂ဝ၁၂ ခုနှစ်၊ သြဂုတ်လအတွင်း စစ်ပြေးဒုက္ခသည် တိုးပွားလာမှု အရေအတွက်ကိုပါ ဇယားဆွဲ ဖော်ပြထားပြီး ထိုဒုက္ခသည် ၆ဝ,ဝဝဝ ခန့်အတွက် စားသောက်စရိတ် တလလျှင် အမေရိကန် ဒေါ်လာ နှစ်သန်းကျော် လိုအပ်သည် ဟု ဆိုသည်။

“ခုချိန်မှာ ကမ္ဘာကြီးက မြန်မာနိုင်ငံကို အကူအညီတွေ ဒလဟော ပို့လွှတ်နေချိန်မှာ သူတို့ဟာ ဘာလို့များ ကချင်ကို လစ်လျူရှုထားရတာလဲ” ဟု ဒေါ်မွန်းနေလီက မေးခွန်းထုတ်သည်။

လက်ရှိအခြေအနေတွင် လိုအပ်သော ထောက်ပံ့မှုများကို ပြည်တွင်း ပြည်ပ ပုဂ္ဂလိက လှူဒါန်းမှုများနှင့်သာ အသက်ရှင်နေကြရသည်ဟု ဆိုသည်။

ထို့ပြင် ဒုက္ခသည်စခန်းများ၏ ယာယီဆောက်လုပ်ထားသည့် အမိုးအကာများ ပျက်စီးမှုများ ရှိလာ၍ နေအိမ်များ လည်း ပြန်လည် ဆောက်လုပ်ပေးရန် လိုအပ်နေသည်ဟု ဒေါ်မွန်းနေလီ က ပြောသည်။

“သူတို့နေတဲ့ အိမ်ဆောက်ပို့ ပစ္စည်းတွေလိုတယ်။ မိုးတွင်း တခါကျော်ခဲ့ပြီဆိုတော့၊ ယာယီအမိုးအကာတွေက စုတ်ပြဲကုန်ပြီဆိုတော့ နည်းနည်း ခံနိုင်တဲ့ မိုးလုံလေလုံဖြစ်တဲ့ နေအိမ်ဆောက်ပေးဖို့ လိုတယ်။ နောက်ကျောင်းဆောင် တွေ လိုအပ်နေတယ်” ဟု မဇ္စျိမကို ပြောသည်။

သို့သော် တနှစ်ကျော်ကာလအတွင်း ပြည်တွင်းပြည်ပ လူမှုအဖွဲ့အစည်းများနှင့် ကုလ အဖွဲ့အစည်းများ၏ ကူညီ
ထောက်ပံ့မှု အနည်းဆုံး ၂ဝ ရာခိုင်နှုန်း ရှိမည်ဟု KIO ၏ ဒုက္ခသည်များ ကူညီရေးကော်မတီ တာဝန်ခံ အရပ်ဘက် အရာရှိ ဦးဒွဲပီဆား က ခန့်မှန်းသည်။

အင်ခေါင်းပါ၊ လနာ့ဇွပ်နှင့် လိုင်ဇာအနီး ဂျေယန်း ဒုက္ခသည် စခန်းများအတွင်းရှိ ကျောင်းသား ၁,၃ဝဝ ကျော်အတွက် ဘော်ဒါဆောင်များ ဆောက်လုပ်ပေးရန် လိုအပ်နေပြီး လက်ရှိတွင် အလယ်တန်း ကျောင်းသားများကို ဘုရားကျောင်း များနှင့် ဒုက္ခသည် အဆောင်များတွင် နေ့ နှင့် ည ခွဲ၍ စာသင်ကြားပေးနေရသည်ဟု ဆိုသည်။

သြဂုတ်လအတွင်းက တရုတ်နယ်စပ်မှ ရွှေ့ပြောင်းလာသည့် စစ်ပြေးဒုက္ခသည်အား ‘လနာ့ဇွပ်’ ရှိ တိုက်တန်းများတွင် နေထိုင်ရသဖြင့် လေဝင်လေထွက် မကောင်းခြင်း၊ ရေအိမ် လုံလောက်မှု မရှိခြင်းတို့ကြောင့် နောက်ထပ် နေအိမ် ၃ဝဝ ကျော်ကို ကုလ အဖွဲ့အစည်းများက တာဝန်ယူ ဆောက်လုပ်ပေးနေသည်ဟု ဦးဒွဲပီဆား က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လထိ ကုလသမဂ္ဂ အဖွဲ့အစည်းများက တရုတ်နယ်စပ်ရှိ စစ်ပြေးဒုက္ခသည်များထံ သုံးကြိမ် လာရောက် ကူညီထောက်ပံ့ပေးခဲ့သလို၊ KIO ထိန်းချုပ်နယ်မြေသို့ ယမန်နှစ် ဒီဇင်ဘာလဆန်းပိုင်းက တကြိမ်သာ သွားရောက် ထောက်ပံ့ပေးခဲ့သည်။ သို့သော် အလှူရှင်များအား KIO ထိန်းချုပ်နယ်မြေသို့ မသွားရောက်နိုင်ရန် အစိုးရက တားမြစ်ပိတ်ပင်ထားမှုကြောင့် ယနေ့ထိ ပြန်လည် ကူညီထောက်ပံ့ခြင်း မရှိသေးပေ။

ကချင်ပြည်နယ်တွင်း စစ်ပြေးဒုက္ခသည်ပေါင်း ၁ဝဝ,ဝဝဝ နီးပါး ရှိနေပြီ ဖြစ်ကြောင်း ဦးဒွဲပီဆား က ခန့်မှန်းပြောဆို သည်။

Most read this week