ရခိုင်အမျိုးသမီးများ ဘဝလုံခြံုရေးနှင့် ကမ္ဘာ့ အစ္စလာမ်အဖွဲ့ (OIC) ရုံး လက်မခံရေးတို့ ထည့်သွင်း တောင်းဆိုထားသည့် ဆန္ဒဖော်ထုတ်ပွဲတခုကို စစ်တွေမြို့၌ လာမည့် ရက်သတ္တ နှစ်အပတ်အတွင်း ရခိုင်အမျိုးသမီး ၂၀၀ တို့က ပြုလုပ်သွားမည် ဖြစ်ကြောင်း ဦးဆောင်ပြုလုပ်မည့် အမျိုးသမီး ခေါင်းဆောင် တဦးက ပြောသည်။
ရခိုင်ဒေသ တည်ငြိမ်အေးချမ်းမှု မရှိသေးသမျှ ရခိုင်အမျိုးသမီးများ၏ ဘဝလုံခြံုရေးမှာ ခြိမ်းခြောက်ခံ နေရသဖြင့် တမျိုးသားလုံး သွေးစည်းညီညွတ်မှုနှင့် ကာကွယ်ရန် ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်သွားမည်ဟု အမျိုးသမီးခေါင်းဆောင် ဒေါ်ညိုအေး က စက်တင်ဘာ ၃၀ ရက်နေ့က စစ်တွေမြို့ ရွှေမိုးကဖီး၌ သတင်း ထောက်များနှင့်တွေ့ဆုံစဉ် ပြောကြား လိုက်ခြင်း ဖြစ်သည်။
“ကျမတို့က အချက် ၈ ချက်ပါတဲ့ တောင်းဆိုချက်တွေနဲ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ မြို့နယ်အာဏာပိုင် တွေဆီိ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ကို ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တင်ပြခဲ့တယ်။ အဲဒီနေ့မှာပဲ မြို့နယ်က ပယ်ချတယ်။ ဒါကြောင့် ၂၇ ရက်နေ့မှာ ပြည်နယ်ကို ဆက်တင်တယ်။ ၂၉ ရက်နေ့မှာ ပြည်နယ်က ကျမကို ခေါ်တွေ့ ပြီးတော့ တောင်းဆိုချက် တချို့ကို ပြင်ခိုင်းသလို ၂၈ ရက်နေ့ ကောလာဟလကြောင့် လူထုအုံကြွမှု ဖြစ်လုနီးပါး အနေအထားကို ထောက်ပြပြီးတော့ နှစ်ပတ် စောင့်ခိုင်းထားတယ်” ဟု ဒေါ်ညိုအေး က ဆိုသည်။
အကယ်၍ အာဏာပိုင်များဘက်က နှစ်ပတ်အတွင်း ခွင့်မပြုလျှင်လည်း ဆန္ဒပြပွဲကို မဖြစ်မနေပြုလုပ်သွား မည်ဖြစ် ကြောင်းလည်း ဒေါ်ညိုအေး က မဇ္စျိမကို ပြောသည်။
၎င်းတို့၏ တောင်းဆိုချက်များမှာ “၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေကို လေးစားလိုက်နာရန်”၊ “တရားမဝင် ခိုးဝင်လာသူများကို အလိုမရှိ”၊ “မြန်မာ့ပြည်တွင်းရေးကို OIC ဝင်မစွက်နှင့်”၊ “မြန်မာပြည်မှာ ဘယ်အချိန်ကမျှ ရိုဟင်ဂျာ မရှိ”၊ “မြေမျို၍ လူမျိုးမပျောက် လူမျိုမှ လူမျိုးပျောက်မည်”၊ “မြန်မာ့အမျိုးသမီးများဘဝ လှပလုံခြံုမှု ရှိပါစေ” တို့ ပါဝင်သည်။
စက်တင်ဘာ ၂၈ ရက်နေ့က ရခိုင် ကလေးငယ်တဦး အသတ်ခံရသည်ဟူသော ကောလာဟလကြောင့် လူ ၂,၀၀၀ ကျော်တို့က စစ်တွေမြို့ရှိ ရိုဟင်ဂျာ အများစု နေထိုင်ရာ အောင်မင်္ဂလာ ရပ်ကွက်သို့ သွားရောက်စု ဝေးခဲ့ကြသည်။ သို့သော် ကောလာဟလမှာ မှားယွင်းနေပြီး အာဏာပိုင်များက ထိန်းသိမ်းနိုင်ခဲ့သည်။
လူသားချင်းစာနာမှု လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆောင်ရွက်ရန်နှင့် စောင့်ကြည့်လေ့ လာရန်အတွက် OIC က ရန်ကုန်နှင့် စစ်တွေတွင် ရုံးများ ဖွင့်လှစ်ထားရှိမည့် အစီအစဉ်ကို OIC နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့ စက်တင်ဘာလ ၁၁ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။
အဆိုပါ OIC ရုံးအား လက်မခံနိုင်ကြောင်း စက်တင်ဘာလ ၂၅ နှင့် ၂၆ ရက်နေ့များက ရသေ့တောင်မြို့၌ ကျင်းပခဲ့သော ရခိုင်ဒေသ လူထုစည်းဝေးပွဲကြီးမှ ကန့်ကွက်ထားသည်။
မကြာမီ ဆန္ဒဖော်ထုတ်သည့်အခါ ရခိုင်အမျိုးသမီးများအနေဖြင့် “Get Out OIC” စာတမ်းပါ အဝါရောင် တီရှပ်များကို ဝတ်ဆင်လျက် စစ်တွေမြို့ အိုးတန်းရပ်ကွက်၊ ဧစေတီစုရပ်မှ မြို့လယ်လမ်းမကြီးအတိုင်း ဦးဥတ္တမ ပန်းခြံသို့ ချီတက်ကြရန် စီစဉ်ထားကြောင်း သိရှိရသည်။