ဝံလက် ဖောင်ဒေးရှင်က တနေ့ ဆန်တဗူးပေး၍ ပညာဒါနပြုရန် စီစဉ်နေ

ဝံလက် ဖောင်ဒေးရှင်က တနေ့ ဆန်တဗူးပေး၍ ပညာဒါနပြုရန် စီစဉ်နေ
by -
မဇ္ဈိမ

ရခိုင်ပြည်နယ်တွင် အစိုးရကျောင်းများ မတက်နိုင်၍ အခြေခံမမီသော ကလေးများအတွက် ကျောင်းသုံး ပစ္စည်း၊ အဝတ်အထည်များအပြင် တနေ့လျှင် ဆန်တဗူး ပေးကာ ပညာဒါနသင်တန်း ဖွင့်ရန် စစ်တွေမြို့ ဝံလက် ဖောင်ဒေးရှင်းက စီစဉ်နေကြောင်း သိရသည်။

ဇွန်လအတွင်းက အရေးအခင်းများ ဖြစ်ပွားခဲ့သော နာဇီရွာနှင့် ကသဲရပ်ကွက်မှ ကျောင်းမတက်နိုင်သော နွမ်းပါး သည့် ကလေးငယ် ၄၀ ခန့်ကို ပထမဆုံး ဦးစားပေး သင်ကြားကာ အခြားရပ်ကွက်များသို့ တိုးချဲ့ရန်ရည်ရွယ် ထားသည်ဟု ဝံလက်ဖောင်ဒေးရှင်းမှ ပြောသည်။

“ဒီကလေးတွေ စာမသင်ကြရင် ပတ်ဝန်းကျင်မှာ မဝင်ဆံ့တော့ဘဲ ရိုင်းစိုင်းတဲ့ ကလေးတွေ မဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။ နောက်ပြီး လွန်ခဲ့တဲ့ နှစ် တော်တော်များများ ကတည်းက UNHCR (ဒုက္ခသည်များဆိုင်ရာ
မဟာမင်းကြီးရုံး) က မွတ်စလင် ကလေးငယ်တွေကို တနေ့ ဆန် နှစ်ပြည် ပေးပြီး စာသင်ပေးခဲ့တာကို နမူနာယူပြီး လုပ်တာပါ” ဟု ဖောင်ဒေးရှင်း ဒါရိုက်တာ ကိုသိန်းထွန်းအေး က ဆိုသည်။

၅ နှစ်မှ ၈ နှစ်ထိ ကလေးငယ်များကို အောက်တိုဘာလဆန်း မှ မတ်လကုန်ထိ သူငယ်တန်းဖတ်စာမှ အခြေခံစာ များ သင်ကြားပေးမည်ဖြစ်ကာ Child psychology (ကလေးစိတ်ပညာ) နားလည်သည့် အစိုရပညာရေးဌာနမှ ပင်စင်ယူထားသော ဆရာ/ဆရာမ များနှင့်သာ သင်ကြားပေးမည်ဟု ဆိုသည်။ မူလတန်းပြ ဆရာ/ဆရာမ များအတွက် ကျပ် သုံးသောင်းကျပ်နှင့် ၁၀ တန်း ဆရာ/ဆရာမများအတွက် ကျပ်လေးသောင်း သတ်မှတ်ထားသည်။

အဆိုပါ သင်တန်းမှ ကျောင်းဖွင့်ချိန်တွင် ကျောင်းဆက်တက်လိုသော ကလေးငယ်များကို ကျောင်းအပ်ပေးမည် ဖြစ်ပြီး ကျောင်းဆက်မတက် လိုသော ကလေးများကို သေစာရှင်စာ တတ်မြောက်သွားရန် ရည်ရွယ်ကြောင်း ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ဂူဝကျေးရွာတွင် မူလတန်းကျောင်း တကျောင်း ဖြစ်မြောက်ရန် ဖောင်ဒေးရှင်းမှ ကမကထ ပြုပေးခဲ့ကာ ကျောင်းဆရာမ နှစ်ယောက်အား လစာငွေ ထောက်ပံ့ပေးထားသည်ဟု ဆိုသည်။ ကသစ်ရွာ၏ ရပ်ကွက် ခုနှစ်ခုမှ ကျာင်းသား ၁၂၀ အတွက် ပညာဒါန သင်တန်းဖွင့်လှစ်ကာ မြင်းခြံရက်ကွက်တွင် ၁၀ တန်း ကျောင်းသား ရ၀ ကျော်ကိုလည်း အခမဲ့ ပညာဒါနပြုလုပ်ပေးမည်ဟု ဆိုသည်။

ဝံလက် ဆိုသည်မှာ ရခိုင်သမိုင်းရှိ ငှက်အမည်တမျိုးဖြစ်ပြီး မျိုးနွယ်အား စောင့်ရှောက်သည့်ငှက်ဟု အဓိပ္ပါယ်ရ ကြောင်း ဒါရိုက်တာအဖွဲ့ဝင် ဦးသိန်းဝင်းက ရှင်းပြသည်။ ထို့ကြောင့် အဝေးရောက် ရခိုင်အမျိုးသား ပညာတတ် များ၊ တတ်နိုင်သူများက အမျိုးအား ပြန်လည် စောင့်ရှောက်စေရန် ရည်ရွယ်၍ ထိုအမည် ယူကာ ၂၀၁၀ ခုနှစ်ကတည်းက တည်ထောင်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

ဖောင်ဒေးရှင်းကို အသင်းဝင် ၅၀၀ ခန့်၏ လစဉ်ကြေးများ၊ စင်္ကာပူရောက် ရခိုင်များ၏ ထောက်ပ့ံမှုများ၊ ပြည်တွင်း NGO များ၏ ထောက်ပံ့မှုများဖြင့်ရပ်တည်နေသည်။ Reader’s Digest မဂ္ဂဇင်းကို ရခိုင် ကိုယ်စားလှယ်အဖြစ်ယူသူက အမြတ်ငွေ လစဉ် ရှစ်သောင်း ဝန်းကျင်ကို ရန်ပုံငွေအဖြစ် ထည့်ဝင်လျက် ရှိကြောင်းလည်း ဝံလက်ဖောင် ဒေးရှင်း က ပြောသည်။

Most read this week