မထသ တွင် ရန်ကုန်တိုင်း လွှတ်တော်အမတ်များ ပါဝင်ဖွဲ့စည်းမည်

မထသ တွင် ရန်ကုန်တိုင်း လွှတ်တော်အမတ်များ ပါဝင်ဖွဲ့စည်းမည်
by -
မဇ္ဈိမ

မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ (မထသ)၊ မြို့တော် စည်ပင်သာယာရေး ကော်မတီ နှင့် ရာဖြတ် ကော်မတီတို့တွင် ရန်ကုန်တိုင်း လွှတ်တော်အမတ်များ ပါဝင်ဆောင်ရွက် ခွင့်ရရန် စက်တင်ဘာ ၂၈ ရက်က ကျင်းပသည့် တိုင်းလွှတ်တော် အစည်းအဝေးတွင် အတိုက်အခံအမတ် ဒေါက်တာ ဒေါ်ညိုညိုသင်း က အရေးဆိုခဲ့ရာ မထသ တွင် လွှတ်တော်အမတ်များ ထည့်သွင်းဖွဲ့စည်းရန် သက်ဆိုင်ရာဝန်ကြီးက သဘောတူလိုက်သည်။

ဗဟန်းမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်း ကို ရန်ကုန်တိုင်း လွှတ်တော်အဆောက်အဦရှေ့တွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ကျော်ဖုန်းကျော်၊ မဇ္စျိမ)

ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါက်တာဒေါ်ညိုညိုသင်း က မထသ၊ မြို့တော်စည်ပင်နှင့် ရာဖြတ်ကော်မတီ အသီးသီး၏ ပွင့်လင်းမြင်သာမှု၊ စစ်ဆေးခံနိုင်စွမ်းတို့ကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်များ တက်ရောက်သည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် ဦးစွာ မေးခွန်းထုတ် ဝေဖန်ပြီးမှ ယင်းကဲ့သို့ အရေးဆိုခဲ့ခြင်း ဖြစ်သည်။

“ဒီခေတ်မှာ ပြည်သူ့ဆန္ဒဟာ အစိုးရအတွက်အမိန့် ဖြစ်လာတာကြောင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီတွေမှာ ပြည်သူ့ကိုယ်စားလှယ် တွေ ဝင်ရောက် ထိန်းကျောင်းခြင်း အားဖြင့် အပြောင်းအလဲများကို
ပြည်သူတွေ တကယ် ခံစားနိုင်ဖို့” အရေးဆိုခြင်း ဖြစ်ကြောင်း တိုင်းလွှတ်တော်တွင် အဆိုရှင်က ပြောကြားခဲ့သည်။

မထသ သည် ရန်ကုန်မြို့တွင်း/ပြင် ပြေးဆွဲနေသော အများပြည်သူသုံး ခရီးသည်တင် ယာဉ်များကို စီမံကွပ်ကဲသည့် ကော်မတီဖြစ်ပြီး၊ မြို့တော် စည်ပင်သာယာရေး ကော်မတီ (မြို့တော်စည်ပင်)သည် ရန်ကုန်မြို့နေ ပြည်သူများ၏ ရေ၊ လမ်း၊ တံတား၊ မိလ္လာ၊ အမှိုက်၊ အဆောက်အဦဆိုင်ရာ ကိစ္စများကို စီမံခန့်ခွဲကာ၊ အိမ်ခြံမြေတန်ဖိုး စိစစ်ကြီးကြပ်ရေး ကော်မတီ (ရာဖြတ်ကော်မတီ)သည် အခွန်စည်းကြပ်
နိုင်ရေးအတွက် ရန်ကုန်ရှိ အိုးအိမ်တိုက်တာများ၏ တန်ဖိုးကို သတ်မှတ်ပေးရသည့် အဖွဲ့အစည်းဖြစ်သည်။

ဒေါ်ညိုညိုသင်း၏ မေးခွန်းထုတ်မှုနှင့် အရေးဆိုမှုများကို တိုင်းအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ ဖြစ်ကြသည့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်၊ စည်ပင်သာယာရေး ဝန်ကြီး မြို့တော်ဝန် ဦးလှမြင့်နှင့် ဘဏ္ဍာ/အခွန်ဝန်ကြီး ဒေါ်စန်းစန်းနွယ်တို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီး ပြန်လည်ဖြေကြား ခဲ့ကြသည်။

မထသ ဥက္ကဋ္ဌ၏ လာဘ်စားမှုများအကြောင်း အဓိကထား ရေးသားထားသည့် မထသ ဝန်ထမ်း တဦး၏ တိုင်စာကို ဒေါ်ညိုညိုသင်း က လွှတ်တော်တွင် ဖတ်ကြားပြသခဲ့သည်။

ဝန်ကြီး ဦးအောင်ခင်က ၎င်း ဥက္ကဋ္ဌအဖြစ် ဦးစီးဆောင်ရွက်လျက်သည့် ‘လမ်းပန်း ဆက်သွယ်ရေး လုံခြံုချောမွေ့စေမှု ကော်မတီ’ လက်အောက်ရှိ မထသ ကို ပြည်သူ့ ကိုယ်စားလှယ်များဖြင့် ပြင်ဆင်ဖွဲ့ စည်းသွားမည်ဟု လွှတ်တော်တွင် ဖြေကြားခဲ့သည်။ ထိုကဲ့သို့ ပြည်သူ့ကိုယ်စားလှယ် အမတ်များ မထသ တွင် ပါဝင်ဆောင် ရွက်ရေး အတွက် ‘ပုဂ္ဂလိ က ယာဉ်များ စနစ်တကျ သွားလာနိုင်ရေးဥပဒေ’ ကိုလည်း အမြန်ဆုံး ပြဋ္ဌာန်းနိုင်ရန် တိုင်းအစိုးရက ဆောင်ရွက် သွားမည်ဟု ဆိုသည်။

မထသ သည် လက်ရှိတွင် ယာဉ်လိုင်း ၃၃၇ လိုင်း၊ ယာဉ်စီးရေ ၅ဝဝ ကို ကွပ်ကဲလျက်ရှိပြီး နေ့စဉ်ခရီးသွား ပြည်သူ ၂.၇ သန်း၏ ခရီးသွားလာရေးအတွက် စီမံ ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်း ဖြစ်သည်။

ထို့ပြင် ဒေါ်ညိုညိုသင်း က ၎င်းထံ ပြည်သူများက အများဆုံးတိုင်ကြားသည့် အဖွဲ့အစည်းမှာ မြို့တော်စည်ပင်
ဖြစ်ကြောင်း “ရုပ်အဆိုးဆုံး ကိစ္စကတော့ အိမ်ခြံမြေတခုကို ဂရန်အမည်ပေါက် နှစ်ခု ရှိနေတဲ့ ဖြစ်ရပ်တွေပဲ” ဟု လွှတ်တော်အမတ်များရှေ့မှောက်တွင် မြို့တော်စည်ပင်ကို ဝေဖန်ခဲ့သည်။

မြို့တော်ဝန် ဦးလှမြင့်ကမူ မြို့တော်စည်ပင်သည် သမ္မဦးသိန်းစိန်၏ လမ်းညွှန်ချက်များ၊ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် လျော်ညီမှုရှိစေရန် လက်ရှိတည်ဆဲ စည်ပင်သာယာရေး ဥပဒေများကို
ပြန်လည် ပြင်ဆင်ရေးဆွဲနိုင်ရန် ဆောင်ရွက်လျက်ရှိကာ ယင်းဥပဒေများအတည်ပြုပြီးပါက ဥပဒေသစ် များနှင့်အညီ လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။

တိုင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါ်စန်းစန်းနွယ် က ရာဖြတ်ကော်မတီသည် ပြည်ထောင်စု အစိုးရ၏ သဘောတူ ခွင့်ပြုချက်ဖြင့် ဘဏ္ဍာအခွန် ဝန်ကြီးဌာနက ဖွဲ့စည်းခဲ့ရာ ကော်မတီတွင် လွှတ်တော်အမတ်များ ပါဝင်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက် ရယူရမည်ဖြစ်၍ တင်ပြပေးမည်ဟု ဆိုသည်။

ရာဖြတ်ကော်မတီသည် အိမ်ခြံမြေ စျေးနှုန်းများ ခေါက်ချိုးမျှ မြင့်တက်စေခဲ့သည့် အဓိက အကြောင်းအရင်းဟု ဝေဖန်မှုများရှိခဲ့သော ၂ဝဝ၇ ခုနှစ်၊ သြဂုတ်လက သတ်မှတ် ပြဋ္ဌာန်းခဲ့သည့် ရန်ကုန်ရှိ အိမ်ခြံမြေများကို ဝယ်ယူရာ တွင် ဝင်ငွေရလမ်းကို မဖော်ပြနိုင်လျှင် အခွန် ၁၅ ရာခိုင်နှုန်းသာ ပေးဆောင်ရသည့် အခွန်သက် သာခွင့် စည်းမျဉ်း ကြောင့် ပေါ်ပေါက်လာခဲ့သော ကော်မတီ ဖြစ်သည်။