၁၁ လကြာ အစိုးရ စစ်တပ်မှ ဖမ်းဆီးသွားပြီးနောက် ယခုထိ ပျောက်ဆုံးနေသော ကချင်အမျိုးသမီး ဒေါ်ဆွမ်လွတ် ရွယ်ဂျား နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးကာ မှန်ကန်စွာ တရားစီရင်ပေးရန် သမ္မတ ဦးသိန်းစိန်ထံ ကချင်အမျိုးသမီး အစည်းအရုံး KWAT က တောင်းဆိုလိုက်သည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၈ ရက်နေ့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ) လက်အောက်ခံ လွယ်ဂျယ် မြို့နယ်၊ လွယ်လုံတောင် မုဘွမ်အခြေစိုက် တပ်ရင်း (၃၂၁) တပ်သားများက မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့ နယ်ခွဲ၊ ခိုင်ဗန်း ကျေးရွာနေ ဒေါ်ဆွမ်လွတ်ရွယ်ဂျား အား ဖမ်းဆီးသွားခြင်းနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက် ရေးနှင့် မျှတသော တရားစီရင်မှု ဖော်ဆောင်ပေးရန်ရန် အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ခြင်း ဖြစ်သည်။
“ကျမတို့ အမှန်တရားကို လိုချင်တယ်။ သတ်လိုက်ပြီဆိုရင်လည်း သတ်လိုက်ပြီ ဆိုတာ သိချင်တယ်။ ခု သူတို့ လိမ်နေတယ်။ ခုတော့ တရားမျှတမှုက မပြောနဲ့ အမှန်တရားတောင် မပေါ်ဘူး။ အမှန်တရား ပေါ်ပေါက်မှ တရားမမျှတမှု ရှိမယ်လေ” ဟု KWAT မှ တာဝန်ရှိသူ ဒေါ်မွန်းနေလီ က မဇ္စျိမကို ပြောသည်။
ဒေါ်ရွယ်ဂျား၏ အမှုကို ကုလသဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကွန်တားနား၏ အဖွဲ့မှ KWAT ထံ လာရောက်မေးမြန်းမှုများ ရှိခဲ့ပြီးဖြစ်၍ တုံ့ပြန်မှု ရှိမည်ဟု မျှော်လင့်ကြောင်း ဒေါ်မွန်းနေလီက ဆက်ပြောသည်။
“တခုခု လုပ်ဆောင်ပေးမယ်လို့ မျှော်လင့်တယ်။ ကုလသမဂ္ဂ ဒီလူ့အခွင့်အရေး ကိုယ်စားလှယ် တွေကလည်း
မေးမြန်းတာတွေ ရှိတယ်ဆိုတော့ သူတို့ဘက်က တခုခု တုံ့ပြန်မယ်လို့ မျှော်လင့်တယ်” ဟု ဒေါ်မွန်းနေလီ က ဆိုသည်။
လာရောက်ဖမ်းဆီးသည့် တာဝန်ရှိသူများကို အရေးယူပေးရန် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် တရားချုပ်ရုံးသို့ ခင်ပွန်းဖြစ်သူ ဦးဒေါင်လွမ်း က တင်ပြခဲ့သော်လည်း တရားရုံးက လျှောက်ထားခွင့်မရခဲ့သည့် အပြင် အထောက်အထား ခိုင်လုံမှု မရှိဟုဆိုကာ ပယ်ချခဲ့သည်။
စွပ်စွဲထားသည့်အတိုင်း ဒေါ်ဆွမ်လွတ် ရွယ်ဂျားကို ဖမ်းဆီးထားခြင်း မရှိကြောင်း မပခ လက်အောက်ခံ တပ်ရင်း ၃၂၁ မှ ဗိုလ်ကြီး ကျော်ကျော်ဌေးနှင့် ခလရ ၃၇ မှ ဗိုလ်မှူး ဇေယျာအောင်တို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က လျှောက်လဲ ချက်ပေးခဲ့သဖြင့် တရားရုံးချုပ်က ပယ်ချလိုက်ခြင်း ဖြစ်သည်။
“တရားသူကြီးသည် စွပ်စွဲခံရသူများဘက်မှ ထွက်ဆိုသော ထွက်ဆိုချက်တခုတည်းကို အခြေခံ၍ ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်သည်။ ထိုပြစ်မှုအား ဒေသခံ အာဏာပိုင်များထံသို့ မည်သည့်အခါမှ တင်သွင်းတိုင်ကြားခဲ့ခြင်း မရှိဟု တရားသူကြီးက အစီရင်ခံစာတွင် မှားယွင်းစွာ ဖော်ပြခဲ့သည်” ဟု အိတ်ဖွင့်စာတွင် ပါရှိသည်။
ဖမ်းဆီးခံရသူ၏ ယောက္ခမသည်လည်း ပြည်နယ်ဝန်ကြီးချုပ်၊ ဗန်းမော်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် တပ်ရင်း ၃၂၁ တပ်ရင်းမှူးများထံသို့ အသနားခံစာ တင်သွင်းခဲ့သည်။