ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးမှုကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တရုတ်-မြန်မာ နယ်စပ်ရှိ ကချင် စစ်ပြေးဒုက္ခသည် စခန်းများကို လာရောက်ကြည့်ရှုရန် ကချင်အဖွဲ့အစည်း ၂၃ ဖွဲ့က အိတ်ဖွင့်ပေးစာဖြင့် ဖိတ်ခေါ်လိုက်သည်။
၁၅ လကြာ အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား တိုက်ပွဲများကြောင့် ပြောင်းရွှေ့နေထိုင်
နေရသော မိုင်ဂျာယန်နယ် ဒုက္ခသည်စခန်းများသို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက် ကြည့်ရှုပါရန် ဗုဒ္ဓဟူးနေ့က ဖိတ်ကြားလိုက်ခြင်း ဖြစ်သည်။
နိုဘယ် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ရောက်ရှိနေစဉ် ကချင်တိုင်းရင်း သား အဖွဲ့အစည်းများက ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။
“ကျနော်တို့ ပင်လုံစိတ်ဓါတ်နဲ့ ဖိတ်ခေါ်တာပါ။ ပြည်ထောင်စု တိုင်းရင်းသား ညီအစ်ကိုတွေ ကြားထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စီးပွားရေး အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မျက်မြင် ကိုယ်ကျ လာပြီးတွေ့ရင် ပိုကောင်းမယ်ဆိုပြီးတော့ ကျနော်တို့ ဖိတ်ခေါ်တယ်” ထိုင်းနိုင်ငံ အခြေစိုက် ကချင်ကျောင်းသား လူငယ်များ သမဂ္ဂ (AKSYU) အထွေထွေအတွင်းရေးမှူး ကိုနော်ဆန့် က ပြောသည်။
ထို့ပြင် စစ်ပြေးဒုက္ခသည်များ၏ အခက်အခဲ၊ လိုအပ်ချက်များကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြည်သူ့ လွှတ်တော်မှာ တင်ပြပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဤသို့ ဖိတ်ခေါ်ရခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ကချင် အမျိုးသမီး အစည်းအရုံး KWAT တာဝန်ခံ ဒေါ်မွန်းနေလီ က ပြောသည်။
“လက်တွေ့ ကြံုတွေ့နေရတာတွေ၊ ဘာကြောင့် သူတို့ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေရဲ့ အသံတွေကို လက်တွေ့ သိရှိဖို့၊ အစိုးရဘက်မှ ထိုးစစ်ဆင်မှုကြောင့် လူမျိုး ဖြုန်းတီးရေးဘက် ရောက်နေတယ်ဆိုတာကို သက်သေ အထောက်အထားတွေနဲ့ သိရှိဖို့လည်း ရည်ရွယ်တယ်” ဟု မဇ္စျိမကို ပြောသည်။
ကုလသမဂ္ဂ၏ လူမှုအထောက်အပ့ံများနှင့် အစိုးရမဟုတ်သော အဖွဲ့စည်းများအား၏ ကူညီထောက်ပံ့မှုကို အစိုးရဘက်မှ ခွင့်ပြုရန် လွှတ်တော်အတွင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တင်ပြဆွေးနွေးနိုင်မည်ဟု မျှော်လင့်နေကြသည်။
အကယ်၍ ဒေါ်အောင်ဆန်းစုကြည် လာရောက်မည် ဆိုပါက KIO ဘက်မှ လုံခြံုရေး တာဝန်ယူရန် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ဒေါ်မွန်းနေလီ က ဆိုသည်။
ထိုင်း၊ အိန္ဒိယ၊ မလေးရှား၊ ဂျပန်၊ အင်္ဂလန်၊ အမေရိကန်၊ သြစတေးလျ၊ ဒိန်းမတ်၊ ဆွီဒင်၊ နယ်သာလန်၊ နော်ဝေးနှင့် စင်္ကပူ စသည့် နိုင်ငံများမှ ကချင်အဖွဲ့အစည်း ၂၃ ဖွဲ့က ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။
ဗုဒ္ဓဟူးနေ့က ဖားကန့်မြို့နယ်အတွင်း KIA ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ အနီးတဝိုက်သို့ အစိုးရ၏ တပ်အင်အားများ ထပ်မံ ဖြည့်တင်းလာသည်ဟု KIA တပ်မဟာ ၆ လက်အောက်ခံ ရှေ့တန်းတပ်ဖွဲ့မှ ဗိုလ်ကြီးလဒွဲ က ပြောသည်။
“သူတို့က အင်အားထပ်ဖြည့်လာတယ်။ မနေ့က အောက်ပိုင်းကနေ တောလမ်းကနေ ထပ်ဖြည့်တာက ၁ဝဝ ကျော်ရှိ တယ်။ အင်းတော်ကြီးဘက်၊ ကားမိုင်းဘက် တောလမ်းကနေ တက်လာတယ်လို့ သိရတယ်။ ဟိုဘက်ဒီဘက်ပဲ။ သတိနဲ့ စောင့်နေကြည့်နေကြတယ်” ဟု မဇ္စျိမကို ပြောသည်။
နှစ်ဖက် တိုက်ပွဲများကြာင့် တရုတ်-မြန်မာနယ်စပ် မိုင်ဂျာယန်၊ လိုင်ဇာ စသည့် နယ်မြေအတွင် စစ်ပြေးဒုက္ခသည်
ခြောက်သောင်းကျော် ရှိနေပြီး ဖားကန့်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်မော်၊ မိုးမောက်၊ မန်စီ စသည့် မြို့နယ်များရှိ စစ်ပြေးဒုက္ခသည်များ အပါအဝင် စုစုပေါင်း ကိုးသောင်းကျော် ရှိနေပြီဟု KIO ဒုက္ခသည် ကူညီရေးကော်မတီက ဆိုသည်။