မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ပြည်တွင်းစစ်ပွဲများ ရပ်တန့်ရေး ဟောပြောပွဲနှင့် စုပေါင်း လက်မှတ်ရေးထိုးပွဲတခုကို သောကြာနေ့က ကျင်းပခဲ့ကြသည်။
ပွင့်လင်း ကွန်ယက် (မွန်ပြည်နယ်) မှ စီစဉ်သည့် အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်မှ နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)၊ မွန်ဒီမိုကရေစီပါတီ (MDP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီနှင့် တက္ကသိုလ် ကျောင်းသူ/သားများ အပါအဝင် စာပေယဉ်ကျေးမှု အဖွဲ့အစည်းများမှ ပရိသတ် ၃၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း အခမ်းအနား စီစဉ်သူတဦးက သည်။
“ကျနော်တို့ လူငယ်တွေ စစ်ပွဲတွေကို လက်မခံဘူး။ အဓိကကတော့ ကချင်မှာ ဖြစ်နေတဲ့ စစ်ပွဲဟာ ဘယ်သူမှန်သည် ဖြစ်စေ၊ မှားသည် ဖြစ်စေ။ ဖြစ်ပွားနေတဲ့ စစ်အားလုံး ချက်ချင်း ရပ်ပေးဖို့၊ လက်ရှိ ခံနေရတဲ့ ကချင်ပြည်သူ လူထုတွေအတွက် ငြိမ်းချမ်းရေးကို လိုလိုလားလား ထောက်ခံတယ်။ ကျနော်တို့ မွန်ပြည်သူ လူထုတွေ အားလုံးကလည်းထောက်ခံတဲ့အကြောင်း မွန်ပြည်နယ်အသံနဲ့ လုပ်တာပါ” ဟု ကိုကြည်ဇော်လွင် က မဇ္စျိမကို ပြောသည်။
လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် လူမှုအဖွဲ့ပေါင်း ၄၀ ကျော် စုပေါင်း ဆွေးနွေးပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
မော်လမြိုင် အခမ်းအနားတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ဟောပြောခြင်း၊ စာတမ်း ဖတ်ခြင်း၊ စုပေါင်း လက်မှတ်ရေးထိုးခြင်း၊ ကာတွန်းပြပွဲ၊ ငြိမ်းချမ်းရေး ကဗျာ ရွတ်ဆိုခြင်းနှင့် သီချင်းဆိုခြင်းများကိုလည်း ပြုလုပ်ခဲ့
ကြသည်။
“ကျနော်ကတော့ ငြိမ်းချမ်းရေးအတွက် တဘက်နဲ့ တဘက် ဗြဟ္မစိုရ်တရား ထားသင့်တဲ့အကြောင်းကို အခမ်းအနားဖွင့်ပွဲမှာ ပြောခဲ့ပါတယ်” ဟု AMDP မှ နိုင်ငွေသိမ်း က ပြောသည်။
အခမ်းအနား တက်ရောက်သူများက ပြည်တွင်းစစ်ပွဲများ ရပ်တန့်ရေးအတွက် စုပေါင်း လက်မှတ်ရေးထိုးခဲ့ကြပြီး အခြား ပြည်နယ်/တိုင်းများမှ ရရှိသော လက်မှတ်များနှင့် ပူးတွဲကာ သမ္မတထံ ပေးပို့ကြမည်ဖြစ်ကြောင်း သိရှိရ
သည်။
နံနက်ပိုင်းတွင် အရှေ့တပ်မြေလမ်း မွန်ဓမ္မာရုံတွင် AMDP၊ MDP၊ မွန်ပြည်သစ်ပါတီ နှင့် မွန်လူမှုအသင်းအဖွဲ့များက အင်အား ၅၀ ကျော်က စစ်ရပ်စဲရေးအတွက် ဟောပြောခဲ့ကြပြီး ငြိမ်းချမ်းရေး မီးပုံးပျံများ လွှတ်တင်ခဲ့ကြောင်းမော်လမြိုင် တက္ကသိုလ် ကျောင်းသားတဦး ဖြစ်သည့် မင်းစီစွမ်း က ပြောသည်။
“ကျနော်တို့ မွန်လူငယ်တွေ စစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကို လိုလိုလားလား လက်ခံတယ်။ အစိုးရက တနိုင်ငံလုံး ငြိမ်းချမ်းရေး တည်ဆောက်နေတယ်လို့ ပြောပေမယ့် ကချင်မှာ စစ်ပွဲတွေ ဖြစ်နေတုန်းပဲ။ ဒီကချင်စစ်ပွဲတွေ ရပ်တန့်ဖို့ ကျနော်တို့ လက်တွဲပြီး လုပ်ဆောင်သွားဖို့အတွက် ဒီအခမ်းအနားကို ကျင်းပတာ ဖြစ်တယ်” ဟု မဇ္စျိမကို ပြောသည်။