ကချင်ပြည်နယ် ထိုးစစ်များ ရပ်ဆိုင်းရန် ငြိမ်းချမ်းရေးနေ့မှာ KNU တောင်းဆို

ကချင်ပြည်နယ် ထိုးစစ်များ ရပ်ဆိုင်းရန် ငြိမ်းချမ်းရေးနေ့မှာ KNU တောင်းဆို
by -
မဇ္ဈိမ

ရေရှည်တည်တံ့ ခိုင်မြဲသည့် အပစ်အခတ် ရပ်စဲရေးအတွက် ပထမဆုံး ခြေလှမ်းတခုအနေဖြင့် ကချင်ပြည်နယ် တွင် အစိုးရ၏ စစ်ဆင်ရေးများအား ချက်ချင်း ရပ်ဆိုင်းရန် ကရင်အမျိုးသားအစည်းအရုံး KNU က စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော ၁၁ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် တောင်းဆိုလိုက်သည်။ 

အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ ယခုနှစ်အတွင်း အပစ်အခတ် ရပ်ဆိုင်းရန် တောင်းဆိုကြောင်း KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် က ပြောသည်။

“ကျမတို့မြန်မာနိုင်ငံမှာ ဖြစ်စေချင်တာကတော့ ကချင်ပြည်နယ်မှာ အပစ်အခတ် ရပ်စဲဖို့ ကျမတို့ တောင်းဆိုထား
တယ်။ ဒါက ပထမအဆင့်ပေါ့။ ဒီနေ့မှာ ငြိမ်းချမ်ရေးနေ့ ဖြစ်တဲ့အတွက် မြန်မာတနိုင်ငံလုံး ငြိမ်းချမ်းရေးဖြစ်ပေါ်ဖို့ ခုလမ်းစနေပြီ ဖြစ်တဲ့အတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တကယ်သွားရမယ်လို့ ကျမတို့ မျှော်လင့်နေတယ်” ဟု မဇ္စျိမကို ပြောသည်။

မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်း လမ်းဖြင့် ဖြေရှင်း၍ စစ်မှန်သည့် ငြိမ်းချမ်းရေး ဖြစ်ပေါ်စေရန် မျှော်လင့်ကြောင်း ပြောဆိုသွားသည်။ 

KIO အပါအဝင် တိုင်းရင်းသား ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများကောင်စီ UNFC အဖွဲ့ဝင် KNU မှာ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးကို ဇန်နဝါရီလ ၁၂ ရက်နေ့က သဘောတူညီခဲ့ပြီး ဖြစ်သည်။ 

တိုင်းရင်းသားနှင့် နိုင်ငံရေး အင်အားစု အားလုံး ပါဝင်နိုင်သည့် “သုံးပွင့်ဆိုင်” ကိုလည်း ဆက်လက် မြှုပ်နှံယုံကြည်ဆဲဖြစ်ကြောင်း KNU က ထပ်မံပြောဆိုလိုက်သည်။ သို့အားဖြင့် တိုင်းပြည်တွင်း စစ်မှန်သော ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအတွက် တည်ငြိမ်သော အခြေခံတခု ပေးစွမ်းနိုင်သည့် အားလုံးသဘောတူညီချက်များ ရရှိရန် အာမခံနိုင်မည် ဖြစ်သည်ဟု သောကြာနေ့ထုတ် ကြေညာချက်က ထပ်လောင်းပြောဆိုထားသည်။

KNU နှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ နှစ်ဖက် စစ်တပ်ပိုင်းဆိုင်ရာ လိုက်နာသင့်သော ကျင့်ဝတ်များ ဆွေးနွေးသည့် ဒုတိယ မူကြမ်းအား စက်တင်ဘာလဆန်းပိုင်းက သဘောတူညီထားပြီး လမကုန်မီ နှစ်ဖက် ထပ်မံတွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ 

အလားတူ ကချင်၊ ရှမ်း၊ ကရင် စသည့် ဒေသများတွင် တိုက်ပွဲများ၊ တင်းမာမှုများ ဆက်လက် ဖြစ်ပွားနေသဖြင့် လက်ရှိ အစိုးရနှင့် တိုင်းရင်းသား အင်အားစုများအကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက်နေသည့် အဆင့်မှ နောက်ကြောင်း ပြန်လှည့်သွားနိုင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ငြိမ်းချမ်းရေးနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။  

မြန်မာပြည်သူများအတွက် တရားမျှတပြီး ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် အလှမ်းဝေးသွားမည့် အနေအထားသို့ ပြန်လည် ရောက်ရှိသွားမည်ကို အထူးစိုးရိမ်ကြောင်း ကြေညာချက်က ဆိုသည်။ 

သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအနေဖြင့် တတိုင်း ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးနှင့် အနှစ်သာရ ပြည့်ဝသော ငြိမ်းချမ်းရေး ပေါ်ထွန်းရေးကို အရှိန်မြင့် လုပ်ဆောင်ရမည့် အချိန်ရောက်နေပြီ ဖြစ်ကြောင်းနှင့် ထိုမှ နိုင်ငံရေးဖြစ်ပေါ် တိုးတက်ပြောင်းလဲမှု အဆင့်သို့ လျှောက်လှမ်းနိုင်မည်ဟု WLB က တိုက်တွန်းထားသည်။ 

ပြည်တွင်းစစ်များ ရပ်စဲရေးအတွက် နေပြည်တော်သို့ ငြိမ်းချမ်းရေး ဆန္ဒဖော်ထုတ် လိုသူများကို အာဏာပိုင် များက တားဆီးလိုက်ပြီး ရန်ကုန်မြို့တွင် ငြိမ်းချမ်းရေး ကွန်ယက် အဖွဲ့များနှင့် ပြည်သူအများအပြားစီတန်း လှည့်လည်မှုလည်း အာဏာပိုင်များ၏ တားမြစ်ခြင်း ခံရသည်။