ကြေးနီစီမံကိန်း ရပ်တန့်ရန် ဆန္ဒပြရုံနှင့် မလုံလောက်ဟု လေ့လာရေးအစု ဆို

ကြေးနီစီမံကိန်း ရပ်တန့်ရန် ဆန္ဒပြရုံနှင့် မလုံလောက်ဟု လေ့လာရေးအစု ဆို
by -
မဇ္ဈိမ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့နယ်၊ လက်ပန်တောင်းတောင်၊ ကြေးနီစီမံကိန်းမှာ ဧရာဝတီ မြစ်ဆုံစီမံကိန်း ကဲ့သို့ အန္တရာယ်ကြီးပြီး ဦးပိုင် လက်ဝါးကြီးအုပ် လုပ်ကိုင်နေသည့်အတွက် ထိုစီမံကိန်း ရပ်တန့်ရန်ပြည်သူများ နှင့်အတူ ကန့်ကွက်မည်ဟု ဦးမိုးသီးဇွန်တို့နှင့်အတူ လယ်မြေသိမ်းခံ ကျေးရွာများသို့ ကွင်းဆင်း လေ့လာနေသူ ကိုရဲလင်း က ပြောသည်။

monyarwwww
စီမံကိန်းမှမှ ထွက်ရှိသည့် ဓါတုဗေဒစွန့်ပစ်ပစ္စည်းများအား ချင်းတွင်းမြစ်အတွင်း စွန့်ပစ်မှုကြောင့် တမျိုးသားလုံး ထိခိုက်လာမှာဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဧရာဝတီ မြစ်ဆုံစီမံကိန်းလို တနိုင်ငံလုံး အတိုင်းအတာနဲ့ ပါတ်သက်တယ်။ လူထုလူတန်းစား အလွှာအသီး သီးနဲ့ ပါတ်သက်တယ်။ ဒီဖြစ်စဉ်က အရမ်း အရေးကြီးပါတယ်။ စီမံကိန်း အနီးအနားက ရွာတွေသာမကဘဲ ချင်းတွင်းမြစ်ထဲ ကို စွန့်ပစ်ပစ္စည်းတွေ၊ ဓါတုဗေဒပစ္စည်းတွေ အဆိပ်တွေ ပါတာပေါ့ဗျာ။ အဲဒါတွေကချင်းတွင်း မြစ်ထဲကို စီးမယ်။ ချင်းတွင်းမြစ်ထဲကနေ ဧရာဝတီမြစ် ထဲကိုစီးမယ်။ ရေသံယံဇာတတွေ ထပ်ပြီးပျက်စီးဦးမယ်၊ အခုတောင် မြေသံယံ ဇာတ တွေ တော်တော် ပျက်စီးနေတာ ကျနော်တို့တွေ့နေရ တယ်ဗျာ” ဟု မဇ္စျိမကို ပြောသည်။

စီမံကိန်းအတွက် လယ်အသိမ်းခံ ကျေးရွာများသို့ သွားရောက်လေ့လာနေသည့်အဖွဲ့တွင် လူ ၄ဝ ခန့် ပါဝင်ပြီး ဦးမိုးသီးဇွန်နှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားများ၊ ဗကသ ဖြစ်မြောက်ရေးကော်မတီနှင့် လူ့ဘောင်သစ်ပါ တီမှလည်း ပါဝင်ကြသည်။

အဆိုပါ စီမံကိန်းကြီးမှာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ်ကုမ္ပဏီ ဝမ်ပေါင်းတို့ ပေါင်းစပ် လုပ်ဆောင်သည့် စီမံကိန်းတခုဖြစ်နေ၍ ရပ်တန့်သွားစေရန်မှာ ကျယ်ပြန့်သော လှုပ်ရှားမှုများဖြင့် တုန့်ပြန်ဖို့လို
ကြောင်းလည်း “ကုမ္ပဏီ ဘက်က ကျောထောက်နောက်ခံ ကလည်း ကောင်းတယ်ဗျ။ ဒီဘက်ကလည်း ဦးပိုင် လီမိတက် ဖြစ်တယ်။ ဆန္ဒဖော်ပြ ကန့်ကွက်ရုံလောက်နဲ့ မလုံလောက်ဘူး။ ကြီးမားတဲ့ ကန်ပိန်းကြီးတွေ လုပ်ရမယ်ဗျ” ဟု ကိုရဲလင်း က ဆိုသည်။

အသိမ်းခံ လယ်မြေများအရေးနှင့် စီမံကိန်း ရပ်တန့်ရေးအတွက် လယ်သူမများက ဆန္ဒပြခဲ့ကြသော်လည်း အကြမ်းဖက် ဖမ်းဆီးနှိပ်စက်ခံရခြင်းနောက်ဝယ် ငြိမ်သက်သွားခဲ့ရသည်။

လေ့လာရေးအဖွဲ့က လယ်သိမ်းခံ ဝက်မှေး၊ ဆည်တဲနှင့် ရွှေလှေရွာများသို့ ရောက်ရှိပြီးကြ ဒေသခံတောင်သူများ နှင့် တွေ့ဆုံကာ လယ်သမားများ၏ အခက်အခဲနှင့် စီမံကိန်း၏ အန္တရာယ်ကြီးမားပုံကို ကမ္ဘာသိအောင်လုပ် ဆောင်မည်ဟု ဆိုသော်လည်း “တရားစွဲဖို့အထိ လုပ်ဖို့မရည်ရွယ်သေးပါဘူး ခင်ဗျ” ဟု လေ့လာရေးအဖွဲ့ဝင် ကိုရဲလင်းက ပြောဆိုသွား သည်။

အဆိုပါစီမံကိန်းကြောင့် လက်ပန်တောင်းတောင် ပတ်ဝန်းကျင်ရှိ စံပယ်တောင်နှင့် ကြေးစင်တောင် နှစ်ခုသည် ယခုအခါ တွင်းကျယ်ကြီးများအဖြစ် ကျန်ရှိပြီး လက်ရှိစီမံကိန်း လုပ်ကိုင်လျက်ရှိသည့် ကြေးနီတောင်ကိုလည်း ယင်းတောင်များကဲ့သို့ ကွယ်ပျောက်သွားမည်ကို ပတ်ဝန်းကျင်ရှိ ကျေးရွာသူ/သားများက စိုးရိမ်လျက် ရှိကြသည်။

ထိုစီမံကိန်းရပ်တန့်ရန် တောင်းဆိုမှုသည် တိုင်းဒေသကြီး အစိုးရ အနေဖြင့် လုပ်ဆောင်၍ မရနိုင်ဘဲရေရှည် စဉ်းစား ဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်ဟု စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး က ပြောဆိုထားသည်။

Most read this week