နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် တနင်္လာနေ့က လွတ်မြောက်လာကြသည့် အကျဉ်းသား ၅၁၄ ဦး အနက် နိုင်ငံရေးအကျဉ်းသား ၈၈ ဦး ပါဝင်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း AAPP စုဆောင်း အတည်ပြုထားသည့် စာရင်းအရ သိရှိရသည်။
အင်္ဂါနေ့ နံနက် ၁ဝ နာရီ ၃ဝ မိနစ်အထိ AAPP မှ ပြုစုထားသည့် စာရင်းအရ မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီး တွင် နိုင်/ကျဉ်း ၃၉၆ ဦး ရှိသည်ဖြစ်၍ ၃ဝ၈ ဦး ကျန်ရှိနေဦးမည် ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှု စာရင်းများကိုလည်း နာရီနှင့် အမျှ စိစစ်နေမည်ဟုလည်း AAPP မှ ဆိုသည်။
သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ပြုစုထားသည့် နိုင်ငံရေးအကျဉ်းသား စာရင်းမှာ ၂၈ဝ ဦး ရှိသည်ဟု သိရှိရသည်။
“ဒါကတော့ စာရင်း စုဆောင်းပုံနဲ့ အရင်းအမြစ် အခြေခံ ပြဿနာပါ။ ကျနော်တို့က လက်လှမ်း မီသလောက် ပြုစုတဲ့ အပြင်ကို နယ်စပ်တိုင်းရင်းသား အဖွဲ့အစည်းက ပေးပို့တဲ့ အကျဉ်းသားစာရင်းကိုလည်း ထည်သွင်းပြုစုထားပါတယ်။
နိုင်ငံရေးနဲ့ ဆက်စပ်တဲ့ လူမှန်သမျှ လက်နက်ကိုင်သည် ဖြစ်စေ၊ မကိုင်သည် ဖြစ်စေ နိုင်/ကျဉ်း အဖြစ် သတ်မှတ်ပါ တယ်။ အဲဒါကြောင့် ကျနော်တို့ စာရင်းက များနေတယ်လို့ ပြောလို့ ရပါတယ်” ဟု AAPP အတွင်းရေးမှူး ကိုတိတ်နိုင် က မဇ္စျိမကို ပြောသည်။
သမ္မတနှင့် အတိုက်အခံပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့၏ အမေရိကန် နိုင်ငံခရီးစဉ်အတွင်း လွှတ်ပေးခဲ့သည်မှာ ယခုအပတ် လွတ်ငြိမ်း ချမ်းသာခွင့်၏ ထူးခြားချက်ပင် ဖြစ်သည်ဟု AAPP မှ သုံးသပ်သည်။
ယခု လွတ်ငြိမ်း ချမ်းသာခွင့်သည်လည်း ပြီးခဲ့သည့်လွတ်ငြိမ်း ချမ်းသာခွင့် ကဲ့သို့ပင် ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄ဝ၁ (၁) အရ လွှတ်ပေးခြင်းဖြစ်၍ လွတ်မြောက်လာသူများ အနေနှင့် နောက်တခါ ပြစ်ဒဏ်ဖြင့် ပြန်လည် ဖမ်းဆီးခံခဲ့ ရလျှင် ကျန်ရှိ ပြစ်ဒဏ်များကိုလည်း နောက်ကြောင်းပြန် သက်ရောက်မှု ရှိစေရမည် ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် အကျဉ်းသား ၆,၆၅၆ ဦး၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ၆၅၁ ဦးနှင့် ဇူလိုင်လ ၃ ရက်နေ့တွင် အကျဉ်းသား ၈၃ ဦးတို့ကို အနည်းဆုံး လွှတ်ပေးခဲ့ပြီး ဖြစ်သည်။
ကျန်ရှိ နိုင်/ကျဉ်းများကိုလည်း ခြွင်းချက်မရှိ လွှတ်ပေးရန်နှင့် လွှတ်ပေးပြီး နိုင်/ကျဉ်းများအပေါ် ထားရှိသည့် ကန့်သတ်ချက်နှင့် သတ်မှတ် စောင့်ကြည့် ကာလများ၊ ခွဲခြားဆက်ဆံမှုများကို လုံးဝပယ်ဖျက်ပေးသင့် သည်ဟုလည်း “နိုင်/ကျဉ်းတွေကို စောင့်ကြည့်ကာလ ထားတယ်။ ဥပမာ - ဗီဇာ၊ ခရီးသွား လက်မှတ်၊ ရှေ့နေ လိုင်စင်၊ ကျောင်းပြန် တက်ခွင့် အဲဒါ မျိုးတွေကို ချက်ခြင်း ထုတ်မပေးဘဲ စောင့်ကြည့် နေတယ်။ တချို့ သူတွေကို ထုတ်ပေးပြီး တချို့ကို မထုတ်ပေးဘူး။ ဒီလို အကန့်အသတ်တွေကို တပြေးညီပဲ ထားပေးဖို့ လိုတယ်။ ဒါမှ မဟုတ်ရင် ပြုပြင် ပြောင်းလဲရေး ဟာ အကန့်အသတ်နဲ့ ပြုပြင်ပြောင်းလဲရေး လုပ်နေသလို ဖြစ်နေတယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း ကိုတိတ်နိုင် က ဝေဖန်ပြောဆိုလိုက်သည်။
အစိုးရမှ ပြုပြင် ပြောင်းလဲရေးကို မြန်မြန်ဆန်ဆန်နှင့် အားကောင်းမောင်းသန် လုပ်လိုလျှင် လွတ်မြောက်ပြီး နိုင်/ကျဉ်း များပေါ် ကန့်သတ်ထားမှုများ လုံးဝ ပယ်ဖျက်ပေးသင့်သည်ဟု ၎င်းမှ ဆိုသည်။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်လည်း ဝါရှင်တန် အခြေစိုက် National Endowment for Democracy –NED မှ ချီးမြှင့်မည့် ဒီမိုကရေစီဆုကို သွားရောက် လက်ခံရယူရန်အတွက် ကနဦး အစီအစဉ် ရှိသော်လည်း ၎င်းတို့ ၈၈ ကျောင်းသားများ အချင်းချင်းအား အစိုးရမှ နိုင်ငံကူးလက်မှတ် ကန့်သတ်၍ မမျှမတ ထုတ်ပေးခဲ့၍ ထိုသို့ ဆုသွားယူမည့် ခရီးစဉ်အား ဖျက်သိမ်းခဲ့သည်။
AAPP အဖွဲ့အား ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင် ဖမ်းဆီး ခံခဲ့ရသည့် ၁၂ မြောက် နှစ်ပတ်လည် သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ်တွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ စုစည်းပြီး ထိုင်းနိုင်ငံတွင် ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်သည်။