ဒုတိယပင်လုံ ခေါ်ယူရေး တိုင်းရင်းသားညီလာခံ တောင်းဆို

ဒုတိယပင်လုံ ခေါ်ယူရေး တိုင်းရင်းသားညီလာခံ တောင်းဆို
by -
မဇ္ဈိမ

တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲပေးရေး၊ ပင်လုံ ကဲ့သို့သော ညီလာခံ ခေါ်ယူကျင်းပရေး၊ တိုင်းရင်းသား လူမျိုးများ၏ ငြိမ်းချမ်းရေး ဆိုင်ရာ လုပ်ငန်းစဉ် ၆ ချက်တို့ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ သုံးရက်ကြာ ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လူမျိုးများ ညီလာခံမှ တောင်းဆိုလိုက်သည်။

“ကချင်ကလည်း ကချင်ရဲ့ သဘောထားနဲ့ ဆက်လက် ရပ်တည်နေတယ်။ အစိုးရ ဘက်ကလည်း အလားတူပဲ။ ဒါကို ကျနော်တို့ စိုးရိမ်မိပါတယ်။ ဒါကြောင့် ညှိနှိုင်းဖို့ ခက်နေတဲ့ အနေအထားမှာ ရှိတယ်။ တိုက်ပွဲတွေ ဖြစ်နေပေမယ့်ဆွေးနွေးမှုတွေ ဖြစ်ထွန်း စေနိုင်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်” ဟု ညီလာခံ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌနိုင်ဟံသာ က မဇ္စျိမကို ပြောသည်။

စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့သော ညီလာခံ အပြီး၌ ညီညွတ်သော တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ UNFC မှ အချက် ၆ ချက်ပါ ထုတ်ပြန်ကြေညာချက် တစောင်၊ အဆင့် ၃ ဆင့်ပါ ငြိမ်းချမ်းရေး စီမံချက်နှင့် ငြိမ်းချမ်ရေး ဖော်ဆောင် နိုင်ရန် အတွက် အချက် ၆ ချက်ပါ လမ်းပြမြေပုံကိုလည်း ထုတ်ပြန်ခဲ့သည်။

“ပင်လုံ ကဲ့သို့ ညီလာခံ ကျင်းပနိုင်ဖို့ ဘယ်လိုလုပ်ဆောင်မယ် ကအစ ပါဝင်ရမယ့် ကိုယ်စားလှယ် အချိုးကျအဆုံး လုပ်ဆောင်သွားကြမယ့် တဆင့်ချင်းစီကို အစိုးရ၊ တိုင်းရင်းသား အင်အားစု အားလုံး၊ ဒီမိုကရေစီ အင်အားစု အားလုံး ပါဝင်ညှိနှိုင်းပြီး အဲဒီကနေ သဘောတူချမှတ်တဲ့ ဆုံးဖြတ်ချက်တွေကို Union Accord (ပြည်ထောင်စု သဘောတူညီ ချက်) အဖြစ် သတ်မှတ်ပြီး အချိန်ကာလ အတိအကျနဲ့ ဖော်ဆောင်သွားဖို့ လိုပါတယ်။ အဲဒီလို Union Accord ရရှိဖို့ ဆိုတာလည်း ကျယ်ကျယ် ပြန့်ပြန့် တွေ့ဆုံပြီးတော့ ညှိနှိုင်းလုပ်ဆောင်ဖို့လည်း လိုပါတယ်” ဟု ညီလာခံ ပြောရေး ဆိုခွင့်ရှိသူ နိုင်ဟံသာ က ပြောသည်။

ထိုညီလာခံသို့ UNFC အဖွဲ့ဝင် အဖွဲ့အစည်းများနှင့် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ ပြည်တွင်း တိုင်းရင်သား နိုင်ငံရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားမှ တိုင်းရင်းသား ကိုယ်စားလှယ် ပညာရှင်များ ၁၃ဝ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။

အစိုးရမှ ပြောသည့် ပင်လုံကဲ့သို့သော ညီလာခံ ကျင်းပခြင်း အပေါ် ၎င်းတို့ဘက်မှ အားလုံး လက်ခံနိုင်သည့် ငြိမ်းချမ်းရေး စီမံချက်များ ရေးဆွဲနိုင်ရေးနှင့် အားလုံး လက်ခံနိုင်သည့် ဘုံသဘောတူညီချက် တခု ရရန် ရည်ရွယ်သည်ဟုလည်း ညီလာခံ၏ ပြောခွင့်ရပုဂ္ဂိုလ် တဦး ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ မဇ္စျိမအား ပြောသည်။

“အစီအစဉ်နဲ့ အစိုးရရဲ့ အစီအစဉ်ကို ညှိရဦးမှာပါ။ ဒီညှိတာကလည်း ပြည်တွင်း နိုင်ငံရေး ဆွေးနွေးပွဲရဲ့ အစပဲလို့
ပြောလို့ ရပါတယ်။ ကျနော်တို့ ဘက်ကလည်း တရားသေ သတ်မှတ်ချက် မထားပါဘူး။ အဲလိုပဲ အစိုးရ ဘက်ကလည်း တရားသေ သတ်မှတ် ထားလို့လည်း မရပါဘူး” ဟု ဆိုသည်။

ညီလာခံသို့ ပြည်တွင်းမှ တိုင်းရင်းသား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ငြိမ်းချမ်းရေး ဖော်ဆောင်မှု၏ စ၊ လယ်၊ ဆုံးအထိ ၎င်းတို့ ပါဝင်နိုင်အောင် ကမ်းလှမ်း ပေးရန် ညီလာခံအတွင်း၌ သဘောထား ပေးခဲ့ကြသည်။

“ဒီလို တိုင်းရင်းသား လူမျိုးများ ညီလာခံ ကျင်းပနိုင်တာလည်း အင်မတန် ကောင်းပါတယ်။ Union Accord ဆိုတာ ကလည်း ကျယ်ပြန့်တယ်လေ။ အားလုံး Inclusive (ပါဝင်မှု)ဖြစ်ဖို့ လိုပါတယ်။ တိုင်းရင်းသားတွေ အားလုံးကို ကိုယ်စားပြုနိုင်ဖို့အတွက် ဒီထက် ကျယ်ပြန့်တဲ့ ညီလာခံ ကျင်းပဖို့ လိုအပ်ပါတယ်” ဟု ညီလာခံ တက်ရောက်ခဲ့သူ တဦးက မဇ္စျိမကို ပြောသည်။

ယခု ကဲ့သို့သော တိုင်းရင်းသား လူမျိုးများ ညီလာခံကို ပြည်တွင်း၌လည်း ကျင်းပသွားရန် အတွက် UNFC နှင့် အစိုးရ ကိုယ်စားလှယ်များ တွေ့ဆုံသည့် အခါ၌ တင်ပြ တောင်းဆို သွားမည်ဟု သိရသည်။

UNFC ကို ၂ဝ၁၁ ခုနှစ် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပသော တိုင်းရင်းသား လူမျိုးများ ညီလာခံ တွင် ဖွဲ ့စည်းခဲ့သည်။ အဖွဲ့ဝင်များမှာ ချင်းအမျိုးသား တပ်ဦး (CNF)၊ ကချင်လွပ်လပ်ရေးအဖွဲ ့(KIO)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ပအို့ အမျိုးသား လွတ်မြောက်ရေးအဖွဲ ့ချုပ်(PNLO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ရခိုင်ပြည် အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ(LDU)၊ ဝအမျိုးသား အဖွဲ့ချုပ် (WNO)၊ ကချင် အမျိုးသားအစည်းအရုံး (KNO)တို့ ဖြစ်ကြသည်။

၂ဝ၁ဝ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ကလည်း ‘ဒုတိယ ပင်လုံ’ ခေါ်ယူနိုင်ရေး အတွက် စစ်ကိုင်းတိုင်း၊ ကလေး မြို့၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီ၊ ဇိုမီးအမျိုးသား ကွန်ဂရက် များမှ ခေါင်းဆောင် များနှင့် ဝါရင့် နိုင်ငံရေး ခေါင်းဆောင် သခင် သိန်းမောင်တို့မှ စုပေါင်း လက်မှတ် ရေးထိုး၍ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ဖူးပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ‘၂၁ ရာစု ပင်လုံညီလာခံ’ ခေါ်ယူကျင်းပသင့်ကြောင်း သဘောထားရှိခဲ့ဖူးသည်။

Most read this week