ကြေးနီတောင်စီမံကိန်း ရပ်တန့်ရန် တိုင်းဒေသအစိုးရ အဆုံးအဖြတ်မပေးနိုင်

ကြေးနီတောင်စီမံကိန်း ရပ်တန့်ရန် တိုင်းဒေသအစိုးရ အဆုံးအဖြတ်မပေးနိုင်
by -
မဇ္ဈိမ

မုံရွာခရိုင် ကြေးနီတောင် စီမံကိန်းရပ်တန့်ရန် တောင်းဆိုမှုသည် မိမိတို့ တိုင်းဒေသကြီး အစိုးရ အနေဖြင့် လုပ်ဆောင်၍ မရနိုင်ဘဲ ရေရှည်စဉ်းစားဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးမှ ပြောဆိုသည်ဟု ဝန်ကြီးချုပ်နှင့် သွားရောက်ညှိနှိုင်းခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ကိုဂျင်မီက မဇ္ဈိမကို ပြောသည်။

ssn-mizzima

ဗုဒ္ဓဟူးနေ့တွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီး ဦးသန်းထိုက်၊ စစ်ကိုင်းတိုင်း ဒေသကြီးလွွှတ်တော် အမတ် ဦးသောင်းစိန်တို့ တွေ့ဆုံဆွေးနွေးမှုအတွင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က ပြောဆိုသွားခြင်းဟု ကိုဂျင်မီကပြောသည်။

မုံရွာ ဗကသ ကျောင်းသားများက တောင်းဆိုထားသည့်အချက်များမှာ လက်ရှိ မြို့မဂါတ်ကျောင်း(ဘုန်းကြီးကျောင်း) တွင် လုံခြုံရေးကြောင့် တည်းခိုနေရသည့် ဝက်မှေးကျေးရွာသူ/သားများ ၎င်းတို့နေရပ် ဒေသသို့ ဘေးရန်ကင်းစွာ ပြန်နိုင်ရေး၊ ဆန္ဒဖော်ထုတ်သည့် မုံရွာကျောင်းသားသမဂ္ဂမှ ကျောင်းသား/သူ များကို အာဏာပိုင်များက မနှောင့်ယှက်ရေး၊ ကြေးနီတောင်စီမံကိန်းကို ရပ်ဆိုင်းထားရေးတို့ဖြစ်သည်။

အဆိုပါ အချက်များမှ လုံခြံုရေးနှင့် ပတ်သက်သည့် တောင်းဆိုချက်များကို လိုက်လျောခဲ့ပြီး စီမံကိန်း ရပ်တန့်ရေးကိုမူ လုပ်ဆောင်မပေးနိုင်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုသွားခြင်းဖြစ်သည်။

သဘောတူညီမှုတွင် ဝက်မှေးကျေးရွာသူ/သားများကို ပြန်လည်လွှတ်ပေးမည် ဖြစ်သော်လည်း လုပ်ထုံးလုပ်နည်း အရသာ လုပ်ပေးမည် ဖြစ်ကြောင်း၊ မုံရွာကျောင်းသားသမဂ္ဂမှ ကျောင်းသား/သူများ၏ မိဘများကို ဖိအားပေးခြင်းများ ပြုလုပ်မည် မဟုတ်ဟုလည်း သဘောတူညီချက် ရရှိခဲ့သည်။

ကြေးနီတောင် စီမံကိန်း ရပ်တန့်ရန် တောင်းဆိုမှုအတွင်း စက်တင်ဘာ ၁၀ ရက်က ဖမ်းဆီးခံခဲ့ရသည့် ဆန္ဒဖော် ထုတ်သူ ၁၂ ဦးကို ပြန်လွှတ်ပေးရေးအတွက် မုံရွာမြို့ခံလူများနှင့်ဝက်မှေးကျေးရွာသူ/ရွာသားများ သည် ယင်းနေ့ ညနေ ၄ နာရီတွင်ပင် ဆန္ဒပြတောင်းဆိုခဲ့ကြပြီး ဖမ်းဆီးခံ ၁၂ ထဲမှ ၉ ဦးမှာပြန်လည် လွတ်မြောက်လာပြီး မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်း၊ မအေးနက်တို့ သုံးဦးမှာ ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။

ဖမ်းဆီးခံရသည့်ထဲမှ လွတ်မြောက်လာသူ အသက် ၂၇ နှစ်အရွယ်၊ ဝက်မှေးရွာသူ မစန်းစန်းလှက “ကျွန်မတို့ကိုခွေးဆွဲသလို ဆွဲပြီး အချုပ်ခန်းထဲ ထည့်ထားကြတယ်၊ ပြီးတော့ ရဲမေတွေက အရမ်းကြမ်းတမ်းတာပဲ၊ ကျွန်မတို့ကို ကုတ်တယ်၊ ဆံပင်တွေ ဆောင့်ဆွဲတယ်၊ ကျွန်မတို့က ကယ်ကြပါ၊ ကယ်ကြပါလို့အော်တယ်၊ နောက်တော့ ကျန်တဲ့ သုံးယောက်ကို ဘယ်ခေါ်သွားမှန်းမသိလိုက်ဘူး၊ ကျွန်မကိုတော့ ပြန်လွှတ်ပေးလိုက်တယ်” ဟု ၎င်းတို့ ၁ဝ ရက်နေ့က ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ မဇ္စျိမကို ပြောသည်။

စက်တင်ဘာ ၁ဝ ရက်က စတင်ဆန္ဒပြခဲ့ကြကာ ကျေးရွာသို့ မပြန်ရဲကြဘဲ လက်ရှိတွင် ဝက်မှေး ကျေးရွာ သူ/သား ၃ဝ ခန့်သည် မုံရွာမြို့ မြို့မဂါတ်ကျောင်းတွင် တည်းခိုလျှက်ရှိပြီး မုံရွာ NLD, မန္တလေးစိမ်းရောင်စို၊ မုံရွာကျောင်းသား သမဂ္ဂ၊ ၈၈ မျိုးဆက်ကျောင်းသားများနှင့် မုံရွာမြို့ခံများက အစားအစာများ ထောက်ပံ့လျက် ရှိသည်။

အဆိုပါ ဆန္ဒပြသူများ တည်းခိုနေရာ မြို့မဂါတ်ကျောင်းကို ဘုန်းတော်ကြီးကျောင်းတွင် ကယ်ဆယ်ရေးစခန်း မဖွင့်ရ ဟုလည်း မုံရွာ သံဃာ့နာယကမှ စာပို့ထားကြောင်း ကျောင်းထိုင် သံဃာတစ်ပါးက မဇ္စျိမကို မိန့်သည်။

ယခုလ ရ ရက်က စတင်ကာ ဝက်မှေးရွာသူ/သားများသည် မုံရွာမြို့၊ ဆားလင်းကြီးမြို့နယ်ရှိ ကြေးနီတောင် စီမံကိန်း ကို ဖျက်သိမ်းပေးရေးနှင့် သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည် ရရှိရေးအတွက် ဆန္ဒဖော်ထုတ် ခဲ့ကြပြီး အဆိုပါ ဆန္ဒဖော်ထုတ်သည့်သူများ မုံရွာမြို့သို့အလာ၊ ဘုရားဖူးအပြီးတွင် လက်ရှိဖမ်းဆီးခံ ၃ ဦးအ ပါအဝင် ၁၂ ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

“ကျွန်တော်တို့က ဒီသိမ်းဆည်းထားတဲ့ လယ်မြေတွေအတွက် လျော်ကြေးပေးမယ်ဆိုရင်လည်း မလိုချင်ဘူး၊ ကျွန်တော်တို့က ကြေးနီတောင်ကြီးကို နှမြောတယ်၊ ပြီးတော့ ဒီမြေကနေလည်း ထွက်မသွားချင်ဘူး၊ ဒီမြေမှာပဲ လုပ်စားချင်တယ်၊ အဲ့ဒီအတွက် ကျွန်တော်တို့ ဆန္ဒပြခဲ့တယ်” ဟု လက်ရှိ မြို့မဂါတ်ကျောင်းတွင် တည်းခိုလျက်ရှိပြီး ဆန္ဒပြရာတွင် ပါဝင်သူ ကိုချမ်းမိုးက မဇ္စျိမကို ပြောသည်။

ကြေးနီတောင်စီမံကိန်းသည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ်ကုမ္ပဏီ ဝမ်ပေါင်းတို့ ပေါင်းစပ် လုပ်ဆောင် သည့် စီမံကိန်းတစ်ခုဖြစ်ပြီး အဆိုပါစီမံကိန်းကြောင့် လက်ပံတောင်းတောင် ပတ်ဝန်းကျင်ရှိ စံပါယ်တောင်နှင့် ကြေးစင်တောင် နှစ်ခုသည် ယခုအခါ တွင်းကျယ်ကြီးများအဖြစ် ကျန်ရှိပြီး လက်ရှိစီမံကိန်း လုပ်ကိုင်လျက်ရှိသည့် ကြေးနီတောင်ကိုလည်း ယင်းတောင်များကဲ့သို့ ကွယ်ပျောက်သွားမည်ကို ပတ်ဝန်းကျင်ရှိ ကျေးရွာသူ/သားများက စိုးရိမ်လျက်ရှိသည်။

ထို့ပြင် အဆိုပါစီမံကိန်းကြောင့် လက်ပံတောင်းတောင် ပတ်ဝန်းကျင်ရှိ ကျေးရွာလေးရွာမှ စုစုပေါင်းအိမ် ခြေ ၂ဝဝ ခန့် ပြောင်းရွှေ့သွားပြီဖြစ်သည်ဟု အဆိုပါ ဝက်မှေးလယ်ယာမြေများနှင့် ကြေးနီတောင်စီမံကိန်း အရေးကိစ္စကို လွန်ခဲ့သည့် ၅ လခန့်ကပင် ဆောင်ရွက်နေသူ ၈၈ ကျောင်းသား ကိုမျိုးသန့်က မဇ္စျိမကို ပြောသည်။