တိုင်းရင်းသားအားလုံး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိသည့် စစ်မှန်သော ပြည်ထောင်စု ပေါ်ထွန်းရေး အတွက် လက်တွဲ ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP က ပြောသည်။
အင်္ဂါနေ့တွင် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေး ဦးဆောင်သည့် ငါးဦးပါ အဖွဲ့နှင့် သုံးဦးပါ KNPP အဖွဲ့တို့ ကယားပြည်နယ် လွိုင်ကော်မြို့၊ ဒေါဥခုရပ်ကွက်ရှိ KNPP ဆက်ဆံရေးတွင် လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေ များနှင့် ရှေ့အလားအလာများကို ဆွေးနွေးကြပြီးနောက် ပူးတွဲ ထုတ်ပြန် ပြောကြားလိုက်ခြင်း ဖြစ်သည်။
၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ငါးဦးတွင် ကိုမြအေး - ငြိမ်းချမ်းရေးတာဝန်ခံ (အဖွဲ့ခေါင်းဆောင်)၊ ကိုထွန်းမြင့်အောင် - လယ်သမားရေးရာ တာဝန်ခံ၊ ကိုစိုးထွန်း - လူ့စွမ်းအား အရင်းအမြစ်နှင့် ပြန်လည်ထူထောင်ရေး တာဝန်ခံ၊ မမီမီလွင် - ငြိမ်းချမ်းရေးအဖွဲ့ဝင်နှင့် မစန်းစန်းမော် - ငြိမ်းချမ်းရေးအဖွဲ့ဝင် တို့ ပါဝင်ပြီး KNPP ကိုယ်စားလှယ် သုံးဦးတွင် ခူဒယ်နီရယ် - ပါတီ ဗဟိုကော်မတီဝင် (ဆက်ဆံရေးရုံး တာဝန်ခံ)၊ ခွန်းစမ်းရှိုင်း - တွဲဖက်တာဝန်ခံနှင့် အေးမွန် - ရုံးဝန်ထမ်းတို့ ပါဝင်သည်။
“လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းကို အာမခံချက် ပေးသည့်၊ တိုင်းရင်းသားအားလုံး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် ရှိသည့် စစ်မှန်သော ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် လက်တွဲကြိုးပမ်း သွားမည်” ဟု သဘောထား ထုတ်ပြန်ချက်တွင် ပါရှိသည်။
“ကျနော်တို့ တိုင်းပြည်ဟာ တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ တိုင်းပြည် ဖြစ်တဲ့အတွက် စစ်မှန်တဲ့ ပြည်ထောင်စု ဆိုတာ မဖြစ်မနေ လုပ်သွားရမယ်” ဟု ကျောင်းသားခေါင်းဆောင် ကိုမြအေး က ပြောသည်။
KNPP နှင့် ပွင့်လင်းစွာ ဆွေးနွေးရသည်မှာ အားရကျေနပ်မိကြောင်း၊ KNPP ဘက်ကလည်း တိုင်းပြည် တိုးတက်ရေး တွင် ပူးပေါင်း ဆောင်ရွက်ရန် လိုလားမှု ရှိသည်ကို တွေ့မြင်ရကြောင်းလည်း ကိုမြအေး က ပြောသည်။
KNPP အတွင်းရေးမှူး ခူဦးရယ် ကလည်း “ဗမာပြည်ဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ များတဲ့ အခါကျတော့ ဖက်ဒရယ်ပြည်ထောင်စုသာလျှင် ကျနော်တို့အတွက် အသင့်မြတ်ဆုံး လူမျိုးတိုင်း တန်းတူ ယှဉ်တွဲ နေထိုင်နိုင်တဲ့စနစ် ဖြစ်တယ် လို့ မှတ်ယူတယ်လေ။ အဲဒါကြောင့် ၈၈ ကျောင်းသားတွေနဲ့ ပထမဆုံး တွေ့ပေမဲ့ နောက်ဆက်တွဲတွေ လာဦးမယ့် အစကောင်းလို့ပဲ ကျနော်တို့ မြင်ပါတယ်” ဟု ပြောသည်။
ပူးတွဲ သဘောထား ကြေညာချက် ၆ ချက်တွင် စစ်မှန်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေး၊ ဒီမိုကရေစီ ထွန်းကားရေးအတွက် မည်သည့် အသင်းအဖွဲ့များနှင့် မဆို ပူးပေါင်းသွားရန်နှင့် လက်ရှိကချင်ပြည် နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများအား အမြန်ဆုံး ရပ်တန့်ရေးအတွက် အစိုးရကို တိုက်တွန်းသည့် အချက်များလည်း ပါဝင်သည်။
“အခု KIO/KIA နဲ့ ငြိမ်းချမ်းရေးကလည်း အရေးကြီးတယ်။ ဒါ့ကြောင့် ကျနော်တို့ ၈၈ ကျောင်းသားတွေဟာ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက်ကို ကျနော်တို့ မူဝါဒထဲမှာ ထည့်ထားတာ ရှိတယ်” ဟု ကိုမြအေး က ပြောသည်။
၈၈ ကျောင်းသားများ၏ ယခုတွေ့ဆုံမှုသည် ၂ဝ၁၂ ခုနှစ်၊ မတ်လ ရ ရက်နေ့တွင် ပြည်နယ် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည့် KNPP နှင့် ပထမဆုံး တွေ့ဆုံမှုလည်း ဖြစ်သည်။
KNPP နှင့် တွေ့ဆုံပြီးနောက် ၈၈ ကျောင်းသား ကိုယ်စားလှယ်များသည် လွိုင်ကော်မြို့နယ် အရှေ့မြောက်ဘက် ချိကယ်ကျေးရွာအုပ်စု ပကျဲတောင်တွင် တည်ဆောက်မည့် ဘိလပ်မြေစက်ရုံကြောင့် လယ်ယာမြေ အသိမ်းခံရ သည့် တောင်သူလယ်သမားများနှင့် တွေ့ဆုံဆွေးနွေးလျက် ရှိကြောင်း ၈၈ ကျောင်းသားတဦး ဖြစ်သည့် လူ့စွမ်းအား အရင်းအမြစ်နှင့် ပြန်လည်ထူထောင်ရေး တာဝန်ခံ ကိုစိုးထွန်း က ပြောသည်။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များသည် ထောင်အသီးသီးမှ လွတ်မြောက်လာပြီးနောက် ဇန်နဝါရီလတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ မတ်လကုန်ပိုင်းတွင် ပြည်တွင်း ငြိမ်းချမ်းရေး၊ ပွင့်လင်း လူ့အဖွဲ့အစည်း အရပ်ဘက် လူ့အဖွဲ့အစည်း အားကောင်းရေး စသည်တို့ကို အကောင်အထည်ဖော် လုပ်ဆောင်ခဲ့သည်။
ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အယူအဆများ ပြည်သူလူထုကြား ကျယ်ကျယ်ပြန့်ပြန့် နိုးကြားလာရန်နှင့် ပြည်တွင်း ငြိမ်းချမ်းရေးတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် ၎င်းတို့၏ ငြိမ်းချမ်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
၎င်းတို့သည် ကချင်၊ ကရင်၊ မွန် စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ နှင့် တွေ့ဆုံပြီး ပြည်တွင်း ငြိမ်းချမ်းရေး၊ အဓမ္မ လယ်ယာမြေ အသိမ်းခံရသည့် ကိစ္စများ ပူးပေါင်းဖြေရှင်း လုပ်ဆောင်သွား ရန် သဘောတူခဲ့ကြသည်။