သင်ရိုးတွေပြောင်းဖို့ ပြည်တော်ပြန် ပညာရေးသုတေသီ ဦးသိန်းနိုင်ပြော

သင်ရိုးတွေပြောင်းဖို့ ပြည်တော်ပြန် ပညာရေးသုတေသီ ဦးသိန်းနိုင်ပြော
by -
မဇ္ဈိမ

နှစ်ပေါင်း လေးဆယ်ရှိပြီဖြစ်သည့် ဟောင်းနွမ်းနေသော ပညာရေးသင်ရိုးညွှန်းတမ်းများကို အခြေခံတကျ ပြောင်းလဲရန်၊ ရပ်ရွာအဖွဲ့အစည်းနှင့် ကိုက်ညီသော အကြောင်းအရာသစ်များ၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများ ထည့်သွင်းရန်နှင့် ကလေးများအတွက် ငြိမ်းချမ်းရေးနှင့် အဓိကဆက်နွယ်သော သင်ရိုးညွှန်းတမ်း များ ပြင်ဆင်သင့်ကြောင်းကို မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေသည့် ပညာရေး သုတေသီတဦးဖြစ်သူ ဦးသိန်းနိုင် က ပြောသည်။

“မြန်မာနိုင်ငံ ပညာရေးဟာ နှစ်လေးဆယ်လောက် အခြေခံတကျ ပြောင်းလဲဖို့ အားနည်းခဲ့တယ်၊ ခုလို လွတ်လပ် ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံမှာ ကျောင်းသင်ရိုးညွှန်းတမ်းတွေကလည်း ပြည့်စုံမှုရှိဖို့အရေးကြီး ပါတယ်။” ဟု ဦးသိန်းနိုင်က ဗိုလ်အောင်ကျော်လမ်းရှိ House of media an entertainment (Home) တွင် ပြုလုပ်သည့် စနေနေ့က ပြုလုပ်သည့် ငြိမ်းချမ်းရေးနှင့် ပညာရေးဆွေးနွေးပွဲတွင် ပြောသွားသည်။

ကျောင်းချိန်ပြင်ပတွင် တိုင်းရင်းသား ကလေးငယ်များ မိခင်ဘာသာစကားကို သင်ကြားခွင့်ပေးထားသော် လည်း ထိုသို့ပြုလုပ်ခြင်းသည် ကလေးများအတွက် ကစားချိန် လျော့နည်းစေခြင်းကြောင့် တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှုများနှင့် မိခင်ဘာသာစကားကို သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်း သင်ကြားစေသင့်ကြောင်း သူက အကြံပြုခြင်း ဖြစ်သည်။

အခြေခံပညာ သင်ရိုးညွှန်းတမ်းများတွင် ပါဝင်သည့် သမိုင်းဘာသာရပ်နှင့် ပတ်သတ်၍ “လူမှုအနိဌာရုံတွေ ကင်းစင်တဲ့ သင်ရိုးညွှန်းတမ်း၊ နာကျည်းမှု မပါတဲ့ သင်ရိုးညွှန်းတမ်းတွေကို နုနယ်တဲ့ကလေးတွေ ကိုသာ သင်ကြားစေပြီး ဝေဖန် ပိုင်းခြားနိုင်တဲ့ အရွယ်ရောက်မှသာ သင်ကြားစေသင့်ပါတယ်” ဟုပြောကြားသွားသည်။

“သူငယ်တန်းဖတ်စာမှာ “တ” တမာပင်ရွာအဝင် တို့  “ဖ” ဖရုံယို အလွန်ချိုစတဲ့ စာသားတွေဆို ဟိုးတောင်ပေါ် ဒေသက ကလေးတွေက တမာပင်လဲ မမြင်ဖူးဘူး။ ဖရုံယိုလဲ မစားဖူးတော့ စိတ်ကူး သက်သက်ချည်းပဲ ဖြစ်နေတယ်။

ဒေသတိုင်းက ကလေးတိုင်းနဲ့ လိုက်လျောညီထွေဖြစ်တဲ့ သင်ရိုးပဲ ဖြစ်သင့်တယ်"ဟု ဟောပြောပွဲသို့ တက်ရောက်ခဲ့သူ တဦးဖြစ်သည့် ကိုဖြိုးဝင်းလတ်က ပြောသည်။

ယင်းအပြင် ဦးသိန်းနိုင်က ငယ်ရွယ်သော ကလေးငယ်များ၏ စိတ်နှလုံးသားများတွင် ငြိမ်းချမ်းရေးနှင့် ယဉ်ကျေးမှု ရှိစေရန်၊ အကြမ်းဖက်မှု ကင်းစင်သော လူ့ဘောင်သစ်တစ်ခုကို ပျိုးထောင်သွားရန်၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးမှုအတွက်တို့အတွက် ရည်ရွယ်၍ ပညာရေးဟောပြောပွဲကို ပြုလုပ်ရခြင်းဟုလည်း ပြည်တော်ပြန် ပညာရေးသုတေသီ ဦးသိန်းနိုင်က ပြောသည်။

ဆရာဦးသိန်းနိုင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ကာလတွင် ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂတွင် စည်းရုံးရေးမှူးတစ်ဦးဖြစ်ခဲ့သည်။ ယင်းနောက် ထိုင်းမြန်မာနယ်စပ်သို့ ထွက်ခွာကာ အဆိုပါ နယ်မြေများရှိ တိုင်းရင်း သား အများစု နေထိုင်ရာဒေသများတွင် စာသင်ကျောင်းများ တည်ထောင်ခဲ့သည်။

ABSDF ကျောင်းသားတပ်မတော်၊ ဟွေတီစခန်းကော်မတီ၊ မကဒတ (ဗဟို) ပညာရေးဌာန တို့တွင် တာဝန် ထမ်းဆောင်ခဲ့ပြီး ယခု မောက္ခ ပညာရေးဝက်ဆိုဒ်နှင့် မဂ္ဂဇင်း အယ်ဒီတာအဖြစ် လုပ်ဆောင်လျက် ရှိသည်။ သူသည် ၂၀၁၂ သြဂုတ်လ ၂၃ ရက်နေ့ တွင် ရန်ကုန်မြို့သို့ ပြန်လာခဲ့သူ ဖြစ်သည်။