လက်နက်ကိုင် ပဋိပက္ခနှင့် တိုက်ရိုက် ထိတွေ့ဆက်စပ် နေသော ကချင်၊ ချင်း၊ ရှမ်း၊ ကရင်နှင့် မွန်ဒေသ များအတွင်းရှိ ကျောင်းဆရာ/ဆရာမများအတွက် ငြိမ်းချမ်းရေးဆိုင်ရာ နည်းပြသင်တန်းကို ရန်ကုန် မြို့၌ အောက်တိုဘာ လကုန်ပိုင်း၌ ပြုလုပ်သွားမည်ဟု လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ)၏ ဒါရိုက်တာ ကိုအောင်မျိုးမင်းက မဇ္စျိမကို ပြောသည်။
“ အခု ဆိုလို့ရှိရင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ စကားပြောသံတွေ ကျယ်ကျယ် လောင်လောင် ထွက်လာတယ်၊ တိုင်းရင်းသား ဒေသတွေမှာလည်း တွေ့ဆုံဆွေးနွေးမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာတာ တွေ့ရတယ်၊ အောက်ခြေ လူထုကြားထဲမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး သူတို့ ပိုမိုနားလည် နိုင်ဖို့နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာပြည်သူလူထု အမျိုးသမီး၊ ကလေးတွေ၊ လူငယ်တွေပါ ပိုမို ဝါဝင်လုပ်ဆောင်နိုင်ဖို့ သင်တန်း လုပ်တာ ဖြစ်တယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။
သင်တန်းကို ၂ဝ၁၂ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်သည်။ ဖွင့်လှစ်မည့် ငြိမ်းချမ်းရေးဆိုင်ရာ နည်းပြသင်တန်းသည် HREIB မှ ပြည်တွင်း၌ ပထမဦးဆုံး အကြိမ် ပြုလုပ်သည့် ငြိမ်းချမ်းရေးဆိုင်ရာ နည်းပြ သင်တန်းလည်း ဖြစ်သည်။
သင်တန်းသား ဦးရေကို ၂၀ ဦးခန့် လက်ခံသွားဖွယ် ရှိသည်ဟု ဆိုသည်။ ယခုအချိန်တွင် သင်တန်းသား ဦးရေ ၄၀ ဦးခန့် လျှောက်ထားကြပြီ ဖြစ်ကြောင်း သိရှိရသည်။
“ဆရာ/ဆရာမ တွေကို သင်တန်းပေးမယ် ဆိုပေမယ့် အစိုးရဆီမှာတော့ ကျွန်တော်တို့ တရားဝင် ခွင့်တောင်း ထားတာတော့ မရှိပါဘူး၊ ခွင့်တောင်းဖို့ လိုမယ်လို့လည်း ကျွန်တော် မထင်ပါဘူး၊ အစိုးရ ကိုယ်တိုင် ကိုယ်ကလည်း ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေတဲ့ ကာလ ဖြစ်တယ်လေ၊ ငြိမ်းချမ်းရေးဟာ လူတိုင်းအတွက် လိုအပ်တယ်လေ၊ ငြိမ်းချမ်းရေး အစစ်အမှန်ကို လိုလားမယ် ဆိုရင် ဒီလုပ်ငန်းစဉ် တွေကို သူတို့ကိုယ်တိုင် ကူညီပံပိုး နိုင်ဖို့လည်း ကျွန်တော်တို့ မျှော်လင့် ပါတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။
သင်တန်းကာလ အတွင်း၌ လူ့အခွင့်အရေး သဘောတရား မိတ်ဆက်၊ လူ့အခွင့် အရေးနှင့် ငြိမ်းချမ်းရေး ဆက်စပ်မှု အကြောင်း၊ ငြိမ်းချမ်းရေးဆိုင်ရာ သဘောတရား၊ ပဋိပက္ခ ဖြစ်ပွားမှု အရင်းအမြစ် ရှာဖွေ လေ့လာခြင်းနှင့် သုံးသပ်မှုပြုလုပ်ခြင်း၊ ပဋိပက္ခနှင့် အကြမ်းဖက်မှုများ အကြောင်း၊ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း နည်းလမ်းများ သင်တန်းသား ဗဟိုပြု သင်ကြားမှု ပုံစံများအတွက် သင်ခန်းစာ ပြင်ဆင်ခြင်း၊ သင်တန်းသား ဗဟိုပြု သင်ကြားမှုပုံစံများအတွက် သင်ထောက်ကူ ပစ္စည်း တီထွင် အသုံးပြုခြင်း နည်းလမ်းများနှင့် သင်တန်းသား ဗဟိုပြု သင်တန်း ပို့ချခြင်း သင်ခန်းစာ များကို ပို့ချသင်ကြားသွားမည် ဖြစ်သည်။
သို့သော်လည်း ယခု ဖြစ်ပွားနေသည့် ပဋိပက္ခများမှာ ကာလရှည်ကြာ ကတည်းက တည်ရှိပြီး အကြောင်းအရာ များလည်း ရောထွေး ပါဝင်နေသည် ဖြစ်၍ ရေရှည် အကောင်အထည်ဖော်မှသာ အောင်မြင်နိုင်သည့် လုပ်ငန်းစဉ်ဖြစ်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ပါဝင်နိုင်ရေးကို အစပျိုး အသိရှိကြရန် ရည်ရွယ်သည်ဟု ဦးအောင်မျိုးမင်းမှ ဆိုပါသည်။
ပြီးခဲ့သည့် လအတွင်း၌လည်း ပြည်တွင်း၌ HREIB မှ လူငယ် သီးသန့်သင်တန်းများ ပို့ချခဲ့ပြီး ဖြစ်သည်။ ထို့ပြင် လာမည့် စက်တင်ဘာလ (၂၁) နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ (International Day of Peace) ၌လည်း နေရာဒေသ အသီးသီးတွင် လူထု လှုပ်ရှားမှုများ ပြုလုပ်သွားရန်ရှိသည်ဟု သိရှိရပါသည်။
HREIB သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အခြေစိုက်သည့် လူ့အခွင့်အရေး ပညာပေးရေး ကိစ္စရပ်များကို တစိုက်မတ်မတ် ဆောင်ရွက်နေသည့် အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး ၂၀၀၀ ခုနှစ်မှ စတင် တည်ထောင်ခဲ့ပါသည်။ ပြည်တွင်း၌ HREIB ရုံးဖွင့်၌ လုပ်ငန်းများ အကောင်အထည် ဖော်သွားရန်ကိုမူ စောနေသေးကြောင်း ကိုအောင်မျိုးမင်းမှ ပြောသည်။