ကရင်နီအရာရှိ တူရယ် ကွယ်လွန်

ကရင်နီအရာရှိ တူရယ် ကွယ်လွန်
by -
မဇ္ဈိမ

မြန်မာအစိုးရကို လက်နက်ကိုင်တော်လှန်နေသော ကရင်နီအစိုးရ၏ သာသနာရေးနှင့် ယဉ်ကျေးမှုဌာန ညွှန်ကြားရေးမှူး ဆရာကြီး တူရယ်သည် အင်္ဂါနေ့တွင် အသည်းရောဂါဖြင့် ကယားပြည်နယ် လွိုင်ကော် ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားသည်။

သြဂုတ် ၂၅ ရက်နေ့မှ စ၍ လွိုင်ကော် စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ပြီး၊ အခြေအနေ မကောင်းမွန်သဖြင့် လွိုင်ကော် ပြည်သူ့ ဆေးရုံကြီးသို့ ပြောင်းလဲ ကုသရာမှ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။

KNPP ဒုတိယ ပညာရေး ဝန်ကြီး ဦးအောင်ဆန်းမြင့် က “ကရင်နီစာပေ သင်တန်း ဖွင့်မယ် ဆိုပြီးတော့ အထဲကို ဝင်သွားတာ နှစ်ပတ်လောက်ပဲ ရှိသေးတယ်။ အဲဒီမှာ ရောဂါထပြီး ဆေးရုံတက်တယ်။ ဆရာဝန် ပြောပြချက်အရ အသည်းက သိပ်အလုပ်မလုပ်တော့လို့ အခုလို ဖြစ်သွားတာ” ဟု ပြောသည်။

အသက် ၆၅ နှစ်ရှိ ဆရာကြီး တူရယ်သည် ၎င်း၏ တော်လှန်ရေး ဘဝတလျှောက်တွင် ဆေးမှူး၊ မြို့နယ်ဥက္ကဋ္ဌ၊ ခရိုင်ဥကဋ္ဌ၊ ကရင်နီအစိုးရ စာပေနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီး၊ KNPP ဒု ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဌာန ညွှန်ကြားရေးမှူး စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သည်။

၁၉၄၇ ခုနှစ် မေလ ၁ ရက်နေ့တွင် ကယားပြည်နယ် ဒီမောဆိုမြို့နယ် သေးဆူလဲရွာ၌ အဖ  ဦးပါးရယ်၊ အမိ ဒေါ်မိုင်းမူ တို့မှ ဖွားမြင်သည့် ဆရာကြီး တူရယ်သည် မွေးချင်း ၆ ဦးအနက် အကြီးဆုံးသား ဖြစ်သည်။

လွိုင်ကော် အထက ၁ မှ ပညာသင်ကြားပြီးနောက် ၁၉၆၇ ခုနှစ်မှ စ၍ တော်လှန်ရေးနယ်မြေသို့ ရောက်ရှိခဲ့သည့် ဆရာကြီး တူရယ်သည် ယမန်နှစ်တွင် ကွယ်လွန်ခဲ့သည့် KNPP ဥက္ကဋ္ဌကြီး ခူးထဲဘူးဖဲနှင့် ပူးတွဲပြီး ကရင်နီ စာပေ ပြန့်ပွားရန်အတွက် တစိုက်မတ်မတ် ကြိုးစားလာခဲ့သူ ဖြစ်ကြောင်း KNPP အသိုင်းအဝိုင်းက ပြောသည်။

“ဆရာကြီး ထဲဘူးဖဲ ဆုံးသွားပြီးတဲ့ နောက်မှာ သူ (ဆရာကြီး တူရယ်) အပါအဝင် တယောက် နှစ်ယောက်လောက်ပဲ ကရင်နီစာပေအတွက် လုပ်ပေးနိုင်တဲ့လူ ကျန်တယ်။ အခုက သူတယောက် ကွယ်လွန်သွားပြီ ဆိုတော့ ကျနော်တို့ အတွက် လှော်တက် ကျိုးသွားသလို ခံစားရတယ်” ဟု ဦးအောင်ဆန်းမြင့် က ပြောသည်။

၁၉၅၉ ခုနှစ်တွင် KNPP ဥက္ကဋ္ဌ ခူထဲဘူးဖဲ စတင် တီထွင်ခဲ့သည့် ကရင်နီစာပေသည် သူပုန်စာဟု အစိုးရ၏ သတ်မှတ်ခြင်းကို ခံရပြီး KNPP သြဇာသက်ရောက်သည့် နယ်မြေတွင်သာ သင်ကြားနိုင်ခဲ့ရာမှ မတ်လ အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်းတွင် ရှားတောမြို့နှင့် လွိုင်ကော်မြို့များတွင် တရားဝင် စတင်သင်ကြား လာခဲ့သည်။

ဆရာကြီး တူရယ်၏ ရုပ်အလောင်းကို ၎င်း၏ ဖွားရာဇာတိ ဖြစ်သည့် သေးဆူလဲရွာတွင် ထားရှိပြီး စနေနေ့တွင် ခရစ်ယာန်ဘာသာ ထုံးတမ်းနှင့်အညီ မီးသဂြုႋဟ်မည် ဖြစ်ကြောင်း သိရသည်။

ကွယ်လွန်ချိန်တွင် ဇနီး နော်ဖဲရှာ၊ သမီး ဦးမယ်နှင့် မြေး ၃ ဦး ကျန်ရစ်သည်။

သီးခြားနိုင်ငံ ထူထောင်မည့် ရည်ရွယ်ချက်ဖြင့် လွတ်လပ်ရေး မတိုင်မီ ၁၉၄၆ ခုနှစ် စက်တင်ဘာလက စတင်ဖွဲ့စည်း ခဲ့သည့် ကရင်နီ အစိုးရအဖွဲ့ကို ၁၉၈၆ ခုနှစ်တွင် KNPP ဥက္ကဌ ခူးပြားရယ် က  ဦးဆောင်ကာ အသစ်ပြန်လည် ဖွဲ့စည်းခဲ့သည်။

၂၀၀၀ ခုနှစ်တွင် စစ်မှန်သည့် ပြည်ထောင်စု ပုံစံကို လက်ခံခဲ့သော်လည်း ကရင်နီ အစိုးရအဖွဲ့ကို ဖျက်သိမ်းခြင်း မရှိသေးကြောင်း KNPP အတွင်းရေးမှူး ခူဦးရယ် က ပြောသည်။

Most read this week