အခြေခံပညာဦးစီးဌာနအောက် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်မှ မြို့နယ်အဆင့်အထိ စီမံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာပညာရေး ဝန်ထမ်းများနှင့် ဆရာဆရာမအား လက်ရှိရာထူး၏ တစ်ဆင့်တိုးလစာများ အတိုင်း တိုးမြှင့်ပေးသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၃ အခြေခံ ပညာဦးစီးဌာနကပြောသည်။
ဆရာများ၏ အရည်အသွေး ပိုမိုမြင့်မားလာစေရန်နှင့် စီမံခန့်ခွဲမှုအပိုင်းအဆင့်တိုးမြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ဌာနမှ တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးအောင်ရှိန်ကပြောသည်။
မူလတန်းကျောင်းအုပ်များကို အထက်တန်းပြလစာသို့လည်းကောင်း၊ ခရိုင်ပညာရေးမှူးကို ဒုတိယညွှန်ကြား ရေးမှူး အဆင့်နှင့် လစာသို့လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပညာရေးမှူးများကို ညွှန်ကြားရေးမှူး အဆင့်နှင့် လစာသို့ လည်းကောင်း သတ်မှတ် တိုးမြှင့်ပေးသွားမှာဖြစ်သည်။
လစာတိုးနှုန်းပမာအားဖြင့် အခြေခံပညာကျောင်းအုပ်တစ်ဦးသည် လက်ရှိလစာပေါ်တွင် ရ ရာခိုင်နှုန်းခန့် တိုးမည် ဖြစ်သည်။
လက်ရှိရာထူးထက် တစ်ဆင့်တိုးပြီး လစာပေးခြင်းကို လေးနှစ်အတွင်း လေးသုတ်ခွဲ လုပ်ဆောင်သွားမှာဖြစ်ကာ "ပထမဦးဆုံးအသုတ်မှာတော့ ပင်စင်ယူကြတော့ မယ့်သက်ကြီးတွေနဲ့ ထူးချွန်တဲ့ဆရာ၊ ဆရာမတွေကို ဦးစားပေး ဆောင်ရွက်မှာပါ" ဟု အမှတ် ၃ အခြေခံပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်ဝင်းက မဇ္စျိမကိုပြောသည်။
ထို့ပြင်ပညာရေးကဏ္ဍ ပိုမိုအားကောင်းစေရန် ခရိုင်အဆင့်ပညာရေးမှူးများကိုလည်း ယခုနှစ်အတွင်း တိုးချဲ့ခန့် အပ်သွားရန် စီစဉ်နေကြောင်း ဦးအောင်ရှိန်ကပြောသည်။
"တိုင်းအဆင့်အနေနဲ့ကတော့ တိုင်းဒေသကြီးတွေရှိတဲ့ နေရာတိုင်းမှာ တိုင်းပညာရေးမှူးတွေ ထားရှိမှာဖြစ်ပြီး၊ ရန်ကုန် ကိုတော့ ရုံးချုပ်က တိုက်ရိုက်ကွပ်ကဲသွားပါမယ်။ ရန်ကုန်အနေနဲ့ ခရိုင်လေး ခုရှိတဲ့အတွက် ခရိုင်ပညာရေးမှူး လေးဦး ထားရှိသွားပါမယ်"ဟု ဦးအောင်ရှိန် ကပြောသည်။
ရန်ကုန်တွင်ထားရှိမည့် ခရိုင်များတွင် တောင်ပိုင်းခရိုင်ပညာရေးမှူးရုံးကို သံလျင်၌ လည်းကောင်း၊ မြောက်ပိုင်း ခရိုင်ပညာရေးမှူးရုံးကို အင်းစိန်၌လည်းကောင်း၊ ရှေ့ပိုင်းခရိုင် ပညာရေးမှူးရုံးကို သင်္ဃန်းကျွန်း၌လည်းကောင်း ခန့်ထားသွားမည်ဖြစ်ပြီး အနောက်ပိုင်းခရိုင်ပညာရေးမှူးရုံးကို လမ်းမတော်ရှိ ယခင်ရန်ကုန်တိုင်း ပညာရေးမှူးရုံး၌ပင် ဖွင့်လှစ်သွားမည်ဖြစ်သည်။