ရတနာပုံအသင်းနှင့် ဇေယျာရွှေမြေ အသင်းတို့ သြဂုတ်လ ၁၉ ရက်နေ့ ကစားစဉ်အတွင်း ရတနာပုံအသင်းကို အားပေးသည့်ပရိသတ်မှ ကစားကွင်းအတွင်းသို့ ကျောက်ခဲ၊ ရေသန့်ဘူး၊ သစ်သားစငယ်များဖြင့် ပစ်ပေါက်ခြင်းကြောင့် ရတနာပုံအသင်းကို မြန်မာနေရှင်နယ်လိဂ်၏ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဒဏ်ငွေ သုံးသိန်းပေးဆောင်ရန် ပြစ်ဒဏ် ချမှတ်လိုက်သည်။
မန္တလေးတိုင်း ဗထူးကွင်းအတွင်းကစားစဉ် ဇေယျာရွှေမြေ ကစားသမားများ ကြမ်းတမ်းစွာကစားသည်ဟုဆို ကာ ကစားချိန် ၅၈ မိနစ်တွင် ကွင်းအတွင်းသို့ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့ခြင်းဟု ရတနာပုံအသင်း၏ မီဒီယာတာဝန်ခံ ကိုသိန်းသန်းတိုးက ပြောသည်။
"ဇေယျာရွှေမြေဘက်က ကစားသမားတွေက ပွဲရှုံးနေတော့ ကြမ်းကြမ်းတမ်းတမ်း ကစားလာကြတယ်။ အဲဒါကို ကျွန်တော်တို့ ပရိသတ်တွေက ဒေါသဖြစ်ပြီး လုပ်လိုက်တာပါ။ လူအများကြီးက လုပ်တာမဟုတ်ပါဘူး။ ၁ဝ ယောက်ကျော်လောက်ပဲရှိတဲ့ အုပ်စုလေးက လုပ်ခဲ့တာပါ။" ဟုဆိုသည်။ ယင်းကဲ့သို့ ပြုမူမှုများကြောင့် ကစားပွဲကိုလည်းနှစ်မိနစ်ခန့် ရပ်နားလိုက်ရသည်။
ထိုအခြေအနေများကို မြန်မာနေရှင်နယ်လိဂ်၏ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက သြဂုတ်လ ၃၀ ရက်နေ့တွင် အသင်းတာဝန်ရှိသူများအား ခေါ်ယူမေးမြန်းခဲဲ့ပြီး မှတ်တမ်းဗီဒီယိုကြည့်ရှုကာ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ရတနာပုံအသင်းကိုလည်း နောက်လာမည့်ပွဲစဉ်များတွင် ထိုကဲ့သို့ဖြစ်ရပ်များ ထပ်မံ မဖြစ်ပွားရန်လည်း သတိပေးမှုများ ပြုလုပ်ခဲ့သည်။
ရတနာပုံနှင့် ဇေယျာရွှေမြေတို့ ၂ဝဝ၉၊ ၂ဝ၁ဝ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်အတွင်း ပရိတ်သတ်မှကွင်းအတွင်း သို့ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခြင်းများရှိခဲ့သည်။ ထိုသို့သော အခြေအနေများကြောင့် ၂ဝ၁ဝ ခုနှစ်မှစ၍ ဗထူး အားကစားကွင်း၊ သုဝဏ္ဏ အားကစားကွင်းများကို ပိုက်ကွန်များဖြင့် ကာရံစေခဲ့သည်။
ပွဲစဉ်များအတွင်း အသင်းတသင်းသင်းသို့ အားပေးသည့် ပရိသတ်များကို ကြည့်ရှု့ခွင့် ပိတ်ပင်နိုင်သော်လည်း ရတနာပုံအသင်းကမူ သူ၏ ပရိသတ်များကို ထိုသို့ပိတ်ပင်မှုမျိုး ပြုလုပ်သွားမည် မဟုတ်ဟု ပြောသည်။
"မြန်မာ့ဘောလုံးလောကမှာ လိုအပ်နေတာက ပွဲကြည့်ပရိသတ်တွေအနေနဲ့ ဘောလုံးကို ဒီထက်ပိုပြီးတန်ဖိုး ထား တတ်လာအောင်၊ ပိုပြီးနိုင်ငံကြီးသား ပီသလာအောင် မြှင့်တင်ပေးနိုင်ဖို့ပါ။ အခုလိုဖြစ်သွားတဲ့ အတွက် ပရိသတ်တွေကို အရေးယူဖို့ အစီအစဉ် မရှိပါဘူး။ နောက်ပွဲတွေမှာ ပရိသတ်တွေကြောင့် ဒဏ်ရိုက်ခံရဦးမယ် ဆိုရင်လည်း ကျွန်တော်တို့ ဒဏ်ငွေဆောင်ရုံပါပဲ။ ပရိသတ်တွေကိုတော့ အရေးယူမှာမဟုတ်ပါဘူး” ဟုကိုသိန်း သန်းတိုးက မဇ္စျိမကို ပြောသည်။