နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေမူကြမ်းသည် ကျန်အာဆီယံအဖွဲ့ဝင် နိုင်ငံများရှိ ဥပဒေနှင့် နှိုင်းယှဉ်လျှင် ကန့်သတ်ချက် များပြားနေသဖြင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများကို တွန့်ဆုတ်သွားစေနိုင်သည်ဟု ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဝင်းအောင်က ဝေဖန်ပြောကြား လိုက်သည်။
လွှတ်တော်နှစ်ရပ်လုံးတွင် ဆွေးနွေး အတည်ပြုပြီးဖြစ်ကာ သမ္မတဦးသိန်းစိန်ထံပေးပို့ထားသော ဥပဒေမူကြမ်းတွင် နိုင်ငံခြားသားများအနေဖြင့် အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ငါးသန်း ရင်းနှီးမြှုပ်နှံရမည် ဟုပါရှိပြီး မြန်မာနိုင်ငံသား လုပ်ငန်းရှင်များနှင့် ဖက်စပ်လုပ်ကိုင်လိုပါက နိုင်ငံခြားသားက အရင်းအနှီး၏ အနည်းဆုံး ၃၅ ရာခိုင်နှုန်းမှ အများဆုံး ၄၉ ရာခိုင်နှုန်းအထိ ထည့်ဝင်ခွင့်ရှိသည်ဆိုသော အချက်ကို အဓိက ထောက်ပြသွားးသည်။
အာဆီယံအဖွဲ့ဝင် ၁ဝ နိုင်ငံအနက် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့တွင် နိုင်ငံခြားသား များအတွက် အနိမ့်ဆုံးရင်းနှီးမြှုပ်နှံရမည့် ငွေကြေးပမာဏကို သတ်မှတ် ကန့်သတ်ထား ခြင်းမရှိပါ။ ထို့အပြင် ကျန်နိုင်ငံ များအနက် အမြင့်ဆုံးဖြစ်သော လာအိုနိုင်ငံတွင်ပင် အနိမ့်ဆုံးမြုပ်နှံရမည့် ငွေပမာဏကို ဒေါ်လာသုံးသိန်းသာ သတ်မှတ်ထားသည်။
“လူအများစု မလိုက်နာနိုင်တဲ့ ဥပဒေကို ပြဌာန်းမိရင် ဥပဒေကို ချိုးဖောက် ကြပါလိမ့်မယ်။ ပြီးတော့ မနှစ်မြို့ဖွယ် ကွင်းဆက်တွေဖြစ်လာလိမ့်မယ်” ဟု ဦးဝင်းအောင်က ရန်ကုန်ရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် အင်္ဂါနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
ဖက်စပ်လုပ်ကိုင်လိုသော် နိုင်ငံခြားသားက အနည်းဆုံး ၃၅ ရာခိုင်နှုန်း မတည် ပိုင်ဆိုင်ရမည်ဟု ပြဌာန်းပါက မြန်မာ လုပ်ငန်းရှင်က ဖက်စပ်လုပ်ငန်းတစ်ခုလုံး(၁၀၀ ရာခိုင်နှုန်း) ကို ဝယ်ယူခွင့် မရှိတော့သည့်ကိန်းသေ ပြဌာန်းချက် ဖြစ်သဖြင့် မြန်မာနိုင်ငံသားများ၏ လုပ်ငန်းချဲ့ထွင်နိုင်မှုကို ချုပ်ချယ်လိုက်သလို ဖြစ်စေမည်ဟု ယူဆကြသည်ဟု ဆိုသည်။
ထို့ပြင် နိုင်ငံခြားသားက ဖက်စပ်လုပ်ငန်း၏ အများဆုံး ၄၉ ရာခိုင်နှုန်းအထိသာ ပိုင်ဆိုင်ရမည်ဟု ပြဌာန်းပါက လည်း မြန်မာလုပ်ငန်းရှင်များအတွက် ၅၁ ရာခိုင်နှုန်းအထိ ငွေမလိုက်နိုင်ဘဲဖြစ်မှာကို စိုးရိမ်သူများလည်းရှိ သည်။
ရင်းနှီးမတည်ငွေ အမြောက်အများတတ်နိုင်သည့် မြန်မာလုပ်ငန်းရှင်အနည်းစု အတွက်သာ အလုပ်ဖြစ်ပြီး အငယ်စား
နှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားလုပ်ငန်းရှင်နှင့် လက်တွဲလုပ်ကိုင်ခွင့် ဆုံးရှုံးလိမ့်မည်ဟု လုပ်ငန်းရှင်အချို့က ယုံကြည်နေကြသည်။
အတိုက်အခံ အမျိုးသားဒီမိုကရေစီပါတီသစ်၏ အောက်လွှတ်တော်အမတ် ဦးသိန်းညွန့်က “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုတာ နိုင်ငံခြား သားတွေ လာရင်းနှီးမြှုပ်နှံအောင် ဆွဲဆောင်ရတဲ့ ဥပဒေဆိုတော့ မျှော်မှန်းသလို နိုင်ငံခြားသား
တွေကို မဆွဲဆောင်နိုင်ရင်၊ လက်တွေ့လုပ်ရင်းနဲ့ အဆင်မပြေရင် အတည်ပြုပြီးမှ ပြန်ပြင်ရမှာပေါ့”ဟု မဇ္ဈိမကိုပြော သည်။
သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် သမ္မတ၏ အမျိုးသား စီးပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီ အဖွဲ့ဝင်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေရေးဆွဲစဉ်က အစိုးရကို အကြံဉာဏ်များ ပေးခဲ့သူ ဒေါက်တာဇော်ဦးကလည်း ဥပဒေမူကြမ်းတွင် ကန့်သတ်မှုတွေများနေကြောင်း သဘောတူလက်ခံသည်။
“ဥပဒေအကျပ်အတည်းကြောင့် နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေ မလာတော့ရင် စီးပွားရေး ပိတ်ဆို့မှုတွေရပ်ဖို့ အားကောင်း မောင်းသန် ဝိုင်းပြောပေးမယ့် အဖွဲ့တွေမရှိနိုင်တော့ဘူး” ဟု ဦးဇော်ဦးက မီဒီယာများကို ပြောကြားသည်။
အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှုဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတဦးဖြစ်သူ ဦးကျော်ဇောမောင်က မဇ္ဈိမသို့
ပြောကြားမှုတခုတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေ စက်တင်ဘာလထဲတွင် ထွက်ရှိနိုင်လိမ့်မည်ဟု မျှော်လင့်ထားပြီး လူနည်းစု စီးပွားရေးလုပ်ငန်းရှင်များကိုသာ အကျိူးပြုမှာမဟုတ်ကြောင်း ကာကွယ်ပြောကြားသွားသည်။